

နေပြည်တော်၊ နိုဝင်ဘာ ၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘန်ပြည်နယ်သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့်ဇနီး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်အစောပိုင်းတွင် လွန်ပရာဘန်မြို့ရှိ ဝပ်ဆဲန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် လာအိုရိုးရာ ဆွမ်းလောင်းလှူပွဲ (Tak Bat )သို့ သွားရောက်၍ သံဃာတော် များအား ဆွမ်း နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
Tak Bat ခေါ် လာအိုနိုင်ငံ၏ ရိုးရာဆွမ်းလောင်းလှူပွဲသည် ဗုဒ္ဓဘာသာ၏ သဒ္ဒါ တရား၊ ရိုးရာယဉ်ကျေးမှုနှင့် ငြိမ်းချမ်းသော လူနေမှုဘဝကို ထင်ဟပ်စေသည့် လှပသော ဓလေ့ တစ်ခုဖြစ်သည်။ နေ့စဉ် အာရုဏ်တက်ချိန် နံနက် ၅ နာရီ မှ ၆ နာရီ အထိ ဘုန်းတော်ကြီး ကျောင်းအသီးသီးမှ သံဃာတော်များသည် တန်းစီကာကြွရောက် ဆွမ်းခံယူ ကြပြီး ဒေသခံများနှင့် ဒါယိကာ၊ ဒါယိကာမများက လမ်းဘေးတွင် ဖျာ ၊ ထိုင်ခုံငယ်များ ခင်းကာ သံဃာတော်များ၏ သပိတ်အတွင်းသို့ ရိုးရာအစားအစာဖြစ်သော ကောက်ညှင်း ပေါင်းကို အဓိကထားလောင်းလှူပြီး အခြားလှူဖွယ်ပစ္စည်းများကိုလည်း လောင်းလှူကြ ခြင်းဖြစ်သည်။ အဆိုပါ ဆွမ်းလောင်းလှူပွဲသည် ကမ္ဘာလှည့်ခရီးသွားများ အကြားတွင် လည်း အလွန် ထင်ရှားသော ရိုးရာဆွမ်းလောင်းလှူပွဲ ဖြစ်ကြောင်းသိရှိရသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်ဝင် မြို့တော်ဖြစ်သော လွန်ပရာဘန်မြို့ရှိ ရှေးဟောင်း “ဘုရင့်နန်းတော်ပြတိုက်” သို့ သွားရောက်၍ ဖရာဘန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ပြတိုက်အတွင်းရှိ နန်းတွင်းအသုံး အဆောင်များဖြစ်သည့် ဘုရင်နှင့် မိဖုရားတို့၏ ဧည့်ခန်းမ၊ စာကြည့်ခန်း၊ အိပ်ဆောင်များ၊ ဘုရင်မင်း ဆက် အစဉ်အဆက်သုံးစွဲခဲ့သည့် တန်ဖိုးကြီး သမိုင်းဝင်ပစ္စည်းများနှင့် ရာဇပလ္လင်၊ နန်းတော်အတွင်း နံရံများတွင် လာအိုတို့၏ ရိုးရာပွဲတော်များနှင့် မြို့ပြ လူနေမှု ဘဝများကို အသေးစိတ် သရုပ်ဖော်ထားသည့် အနုပညာလက်ရာများကို စိတ်ဝင်စားစွာ လိုက်လံ ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Myanmar #News
