Yangon Media Group

မြန်မာနှင့်အိုမန်အကြား လေကြောင်းခရီးစဉ်များပြေးဆွဲနိုင်ရေးသဘောတူညီမှုရရှိ

#Local_News
Published 07 November 2026

■ မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့အကြား လေကြောင်းဆက်သွယ်ပျံသန်းမှုများ ဆောင်ရွက်နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ်ကို နိုဝင်ဘာ ၂ ရက်တွင် အိုမန်နိုင်ငံ မတ်စကတ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

■ အဆိုပါသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို အိုမန်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရုံးချုပ်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်နှင့် အိုမန်နိုင်ငံဘက်မှ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ နိုင်းဖ် အလီ ဟာမက် အာ-အာဘရီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

■ အခမ်းအနားသို့ နှစ်နိုင်ငံလေကြောင်းအာဏာပိုင်အဖွဲ့များမှ အဆင့်မြင့်အရာရှိများ၊ လေကြောင်းလိုင်းများနှင့်လေဆိပ်များမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

■ သဘောတူစာချုပ်အရ နှစ်နိုင်ငံမှသတ်မှတ်ထားသည့် လေကြောင်းလိုင်းများအနေဖြင့် အပြန်အလှန် လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်တော့မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times

မူရင်းသတင်း — Yangon Media Group