Yo Yar Lay

ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး အသက်အငယ်ဆုံး အမျိုးသမီးဘီလျံနာဖြစ်လာခဲ့သူ

လူစီကော ဟာ ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်လာခဲ့သူပါ။ ဆယ်ကျော်သက်အရွယ်မှာ ‘Neopets’ ဆိုတဲ့ ကလေးဂိမ်း ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ရင်း ဒီဂိမ်းရဲ့စနစ်ထဲကနေ ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာ စဉ်းစားနေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လူစီကောဟာ ကွန်ပျူတာပရိုဂရမ် ရေးနည်းကို ကိုယ်တိုင်လေ့လာ သင်ယူပြီး သူ့ကိုယ်စား ဂိမ်းဆော့ပေးမယ့် ဘော့တ် (Bot) တွေ ဆောက်ခဲ့ပါတယ်။ အဲဒီ Bot တွေက နေ့ရောညပါ မနားတမ်း ဂိမ်းဆော့ပြီး ရှားပါး Item တွေနဲ့ ဂိမ်းထဲက ပိုက်ဆံတွေ ရှာပေးကြပါတယ်။ သူက အဲဒီလို ရလာတဲ့ ဂိမ်းထဲက ပစ္စည်းတွေ၊ Level မြှင့်ထားတဲ့ ဂိမ်းအကောင့်တွေကို ပြန်ရောင်းစားပါတယ်။ တချို့အကောင့်တွေဆိုရင် ဒေါ်လာထောင်ချီအထိ ပေါက်ဈေးရှိပါတယ်။

အထက်တန်းကျောင်း ပြီးခါနီးမှာ သူက ဝင်ငွေ ဒေါ်လာသောင်းဂဏန်းအထိ ရနေပါပြီ။ အဲဒီနောက် ကာနက်ဂျီမယ်လွန် (Carnegie Mellon) တက္ကသိုလ်ကို တက်ခဲ့ပေမဲ့ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ ကျောင်းထွက်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်မှာတော့ အလက်ဇန်းဒါးဝမ် (Alexandr Wang) နဲ့ အတူတူ AI ကို လေ့ကျင့်ပေးဖို့ ဒေတာတွေကို စုစည်းပေးတဲ့ Scale AI ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နှစ်အကြာမှာတော့ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူက ကုမ္ပဏီမှာ ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းလောက်ကို ဆက်ထိန်းထားခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာတော့ Meta ကုမ္ပဏီက Scale AI ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တဲ့အခါ ကုမ္ပဏီရဲ့ တန်ကြေးက ဒေါ်လာ ၂၉ ဘီလီယံနီးပါးအထိ ရှိသွားခဲ့ပြီး ရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ လူစီကော ကလည်း ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပါ။

Ref: This AI Founder Has Unseated Taylor Swift As the World’s Youngest Self-Made Woman Billionaire

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay