Myanmar National Post

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)

ချစ်ခင်လေးစားရပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား -

ပြည်ထောင်စုတစ်ဝန်းလုံးနှင့် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမဆုမွန် ကောင်းတောင်းအပ်ပါသည်။

ယနေ့ကျရောက်သည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခါသမယသည် ကရင်တိုင်းရင်းသားတို့၏ သမိုင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်နှင့် စည်းလုံးညီညွတ်မှုတို့ကို ပြန်လည်အောက်မေ့ဂုဏ်ယူစေသည့် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်တွင် ကရင်တိုင်းရင်းသား ပြည်သူ များအပါအဝင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အားလုံး ဘေးရန်ကင်းရှင်း၍ အေးချမ်းသာယာသော လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အသီးသီးတွင် အောင်မြင်မှု များရရှိကြပါစေကြောင်း လေးနက်စွာဆုတောင်းမေတ္တာပို့သရင်း ဂုဏ်ပြုသဝဏ်လွှာပေး ပို့အပ်ပါသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး သဘာဝ အလှတရားများ၊ မြစ်ချောင်းအင်းအိုင်များ၊ ရေတံခွန်များ၊ စိမ်းလန်းစိုပြည်သော သစ်တောများနှင့် မြင့်မားလှပသည့်တောင်တန်းများ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ထင်ရှားသော သဘာဝအထိမ်းအမှတ်တစ်ခုအဖြစ် တည်ရှိနေပြီး ရှေးဟောင်းစေတီပုထိုးများ၊ သဘာဝလိုဏ်ဂူများနှင့် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များကလည်း ပြည်နယ်၏ဂုဏ်ကျက်သရေကို ပိုမိုထင်ရှားစေပါသည်။ ထို့ပြင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအနုပညာနှင့် ယဉ်ကျေးမှုလက္ခဏာများဖြစ်သည့် ကရင်ဒုံးအက၊ ဖားစည်သံနှင့် ရိုးရာဓလေ့ထုံးတမ်းများသည် ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ သိမှတ်ဂုဏ်ပြုခံရသည့် အဖိုးတန်အမွေအနှစ်များဖြစ်ပါသည်။

ကရင်ပြည်နယ်သည် သမိုင်းကြောင်းအရလည်း ထူးခြားအရေးပါသည့် ပြည်နယ်တစ် ခုဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေအရ သက်ဆိုင်ရာဒေသများကို ထပ်မံထည့်သွင်း၍ မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့ကို မြို့နယ်အဖြစ် သတ်မှတ်ခဲ့သဖြင့် မြို့နယ် ၇ မြို့နယ် ရှိလာခဲ့ပါသည်။

ကရင်ပြည်နယ်နေ့ကို ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယနေ့တွင် (၇၁) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ဤသမိုင်း ဝင်နေ့သည် ပြည်နယ်တစ်ခု ၏ပေါ်ပေါက်လာမှုကို အမှတ်ရစေရုံမျှမက ကရင်တိုင်းရင်း သားတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်း၊ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းရန်၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ရန်နှင့် ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိမိတို့၏တာဝန်များကို ပြန်လည်သုံးသပ်ရန် အရေးပါသည့် အချိန်အခါလည်း ဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားလူမျိုးစု အသီးသီးသည် ရှေးယခင်ကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အတူတကွ နေထိုင်လာခဲ့ကြပြီး အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် လူမှုအသိုက်အဝန်းကို တည်ဆောက်ခဲ့ကြပါသည်။ ယင်းသို့ အတူတကွယှဉ်တွဲ နေထိုင်လာခဲ့သည့် အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ပြီး . အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေခံသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်ရေး သည် အားလုံး၏ ဘုံတာဝန် ဖြစ်ပါသည်။

လက်ရှိကာလတွင် ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ ကာလကြာရှည်စွာ ဖြစ်လာသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများရှိနေ သည်ကို တွေ့မြင်နေရပါသည်။ သဘာဝအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက် ရေး အလားအလာ ကောင်းများ ပိုင်ဆိုင်ထားသည့် ကရင်ပြည်နယ်၏ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် ရေရှည်တည်တံ့ သောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရန် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိရေးသည် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုတို့သည်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အဓိကကျသည့် အင်အားများဖြစ်ပါသည်။ ထို့ကြောင့် သဘောထား ကွဲလွဲမှုများကို အပြန်အလှန်လေးစားမှု၊ သည်းခံနားလည်မှုနှင့် တွေ့ဆုံ ဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများလျော့နည်းပ ပျောက်ရေး၊ လူမှုအသိုက် အဝန်းအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ရေးတို့အတွက် သက်ဆိုင်သူ အားလုံးက စိတ်ရင်း စေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ အေးချမ်းလုံခြုံမှုနှင့် ဘဝအနာဂတ် ကောင်းမွန်ရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြိုးပမ်းကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ကရင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ လူငယ်များသည် မိမိတို့၏ အမျိုးသားရေး စရိုက် လက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းရင်း ခေတ်မီပညာရပ်များကို လည်း ကျွမ်းကျင်တတ်မြောက်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ အခြေခံအားဖြင့် ပညာ သင်ကြားသည့် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်က မူဝါဒချမှတ်ထားသော KG +9 ပြီး မြောက်သည်အထိ ပညာသင်ကြားရန် လိုအပ်ပါသည်။ ဒါ့အပြင် သိပ္ပံနှင့်နည်းပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ အနုပညာနှင့် အခြားပညာ ရပ်နယ်ပယ် အသီးသီးတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာစေရန် အားပေးမြှင့်တင်သင့်ပါသည်။ အထူးသဖြင့် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ဒီဂျစ်တယ်နည်းပညာနှင့် ခေတ်မီနည်းပညာရပ်များသည် အနာဂတ် ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးကဏ္ဍများတွင် ပိုမိုအရေးပါလာမည် ဖြစ်သဖြင့် လူငယ်များအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူ၍ လက်တွေ့အသုံးချနိုင် စွမ်းမြှင့်တင်ထားကြရန် လိုအပ်ပါသည်။

ကရင်ပြည်နယ်၏ လူမှုစီးပွားရေးအခြေခံတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးတို့သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ လယ်ယာစို က်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် ဒေသခံပြည်သူများ၏ အဓိကအသက် မွေးဝမ်း ကျောင်းလုပ်ငန်း များဖြစ်သည့်အပြင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် စီးပွားရေး တိုးတက်ရေးအတွက်လည်း အခြေခံအင်အားများ ဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာစိုက်ပျိုး နည်းစနစ်များကို ခေတ်မီ နည်းပညာများနှင့် ပေါင်းစပ်အသုံးချခြင်း၊ ရေသွင်းရေထုတ်စနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သီးနှံအရည်အသွေးနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ခြင်း၊ ထုတ်ကုန်တန်ဖိုး မြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါ သည်။ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက် လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။

ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) သည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားစုများဖြစ်ပါသည်။

ကရင်ပြည် နယ်၏ ရိုးရာလက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာထုတ်လုပ်မှု၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဒေသခံများ၏ အသိပညာ၊ အတတ် ပညာနှင့် စွမ်းဆောင်ရည်တို့ပေါင်းစပ်၍ တိုးတက်အောင် ဆောင်ရွက် နိုင်ပါသည်။ အထူးသဖြင့် ကရင်ရိုးရာယဉ်ကျေးမှုနှင့် ဆက်စပ်သည့် ဒေသထွက်ကုန်များကို အရည်အသွေး မြှင့်တင်ပြီး ခေတ်မီဈေးကွက်များနှင့်ချိတ်ဆက်နိုင်ပါက ဒေသခံများ၏ ဝင်ငွေ တိုးတက်ရေးနှင့် ဒေသစီးပွား ရေး ခိုင်မာရေးတို့အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

ကရင်ပြည်နယ်သည် နယ်စပ်ဒေသတစ်ခုဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များ ချောမွေ့စေရေး၊ တရားဝင်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာစေရေး၊ ဒေသထွက်ကုန် များအတွက် ဈေးကွက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရေးတို့ကို အလေးထားဆောင် ရွက်ရန်လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် နယ်မြေ တည်ငြိမ် အေးချမ်းမှု၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် အဆင် ပြေသည့် ပတ်ဝန်းကျင် ကောင်းတစ်ရပ်ရှိရန် အရေးကြီးပါသည်။ ထို့ပြင် ဥပဒေနှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တရားမဝင်ကုန်စည်ကူးသန်းမှုများကို တားဆီး ကာကွယ်ခြင်းနှင့်ဒေသတွင်း စီးပွားရေးလုပ်ငန်းများ တရားဝင်ဖွံ့ဖြိုး တိုးတက်လာစေရေး တို့တွင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးကဏ္ဍတစ်ခုတည်းဖြင့် ပြည့်စုံနိုင်မည် မဟုတ်ဘဲ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝအရည်အသွေးတို့ တစ်ပြိုင်နက် တည်း မြင့်မားလာရန် လိုအပ်ပါသည်။ ကျန်းမာသန်စွမ်းသော လူသားအရင်း အမြစ်သည် နိုင်ငံနှင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအင်အားဖြစ်သကဲ့သို့ အရည်အသွေး ပြည့်ဝသော ပညာရေးသည်လည်း အနာဂတ်မျိုးဆက်များ၏ အောင်မြင်မှုကို ပုံဖော်ပေးမည့် အဓိကအရင်းအမြစ်ဖြစ်ပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီစေရေးအပြင် လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသော သောက်သုံးရေနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဒေသ၏လိုအပ်ချက်နှင့်အညီ အလေးထား ဆောင်ရွက်ရပါမည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါသည်။

ကရင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးသည်လည်း အရေးကြီးပါသည်။ သစ်တောများ၊ မြစ်ချောင်းများ၊ ရေအရင်းအမြစ်များနှင့် သဘာဝဂေဟစနစ်များကို ရေရှည်တည်တံ့စွာ အသုံးချထိန်းသိမ်းခြင်းဖြင့် နောင်လာနောက်သားများအတွက် ကောင်းမွန်သောပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် သဘာဝအလှအပနှင့် ယဉ်ကျေးမှု အမွေအနှစ် များကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများကိုလည်း သဘာဝပတ်ဝန်း ကျင်နှင့် ဒေသခံလူမှု အသိုက်အဝန်း၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက် သင့်ပါသည်။

ယနေ့ကမ္ဘာကြီးသည် နည်းပညာနှင့်ဆက်သွယ်ရေးကဏ္ဍများတွင် လျင်မြန်စွာ စာပေ၊ ဘာသာ ပြောင်းလဲတိုးတက်လျက်ရှိသော်လည်း မိမိတို့၏အမျိုးသားယဉ်ကျေးမှု၊ စကားနှင့် ရိုးရာဓလေ့ထုံးတမ်းများကို တန်ဖိုးထားထိန်းသိမ်းခြင်းသည် အရေးပါလျက် ရှိပါသည်။ ကရင်တိုင်းရင်းသားတို့၏ စာပေနှင့်ဘာသာစကားများ၊ ရိုးရာအနုပညာများ၊ ဝတ်စားဆင်ယင် မှုများ၊ ရိုးရာပွဲတော်များနှင့် လူမှုဓလေ့ထုံးတမ်းများသည် အမျိုးသားရေး လက္ခဏာကို ဖော်ပြနေသည့် တန်ဖိုးကြီးမားသော အမွေအနှစ်များဖြစ်ပါသည်။ ယင်းအမွေအနှစ် များကို ထိန်းသိမ်းခြင်းသည် မိမိတို့၏ မူလအမှတ်လက္ခဏာကို ခိုင်မာစွာ ထိန်းသိမ်းလျက် ခေတ်နှင့် အညီ တိုးတက်ပြောင်းလဲနိုင်ခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ကရင်ပြည်နယ်နေ့၏ သမိုင်းကြောင်းနှင့် အနှစ်သာရကို မျိုးဆက်သစ် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ပါဝင်စားစွာ လေ့လာထိန်းသိမ်းလာစေရန် မိသားစု၊ လူမှုအသိုက်အဝန်းနှင့် ပညာရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အတိတ်သမိုင်းမှ ရရှိလာသော အတွေ့အကြုံနှင့် သင်ခန်းစာများကို အခြေခံကာ ပန်းတိုင်ရှိသော အနာဂတ်ကို တည်ဆောက်နိုင်သည် မျိုးဆက်သစ်တို့၏ အရေးကြီးသော တာဝန်တစ်ရပ်လည်းဖြစ်သည်၊


ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား။

ကရင်ပြည်နယ်၏ အနာဂတ်ကို ပိုမိုတောက်ပစေရန်အတွက် လုံခြုံစွာပညာသင်ယူခွင့်ရရှိထားသည့် ကလေးငယ်များ၊ လူငယ်များ၏အရည်အချင်းနှင့်အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ရေး၊ အမျိုးသမီးများအတွက် တန်းတူညီသော ပညာသင်များ ဖန်တီးပေးခြင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုကို အားပေးကာ ရှင်သန်ရေးတို့ကို အားလုံးက စုပေါင်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ပြည်နယ်တစ်ခု၏အင်အားသည် သဘာဝအရင်းအမြစ်များနှင့် စီးပွားရေးအလားအလာများတွင်သာ တည်မှီနေခြင်းဖြစ်ပြီး ယင်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏စည်းလုံးညီညွတ်ရေးအဖွဲ့၊ အသိပညာ၊ အတတ်ပညာ၊ စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့တွင်လည်း စွမ်းဆောင်နေပါသည်။ ကရင်ပြည်နယ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ရည်ညွှန်းလေးစားမှု ယုံကြည်မှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဘိုးဘွားဥပဒေတို့ကို ဟန်ချက်ညီညီဖော်ဆောင်နိုင်မှသာ ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊

ယနေ့ကျရောက်သည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့သည် ကရင်ပြည်နယ်၏ ပြန်လည်သမိုင်းကြောင်းနှင့် ကရင်တိုင်းရင်းသားတို့၏ အမျိုးအမည်များကို အောက်မေ့ဂုဏ်ယူရဆုံးနေ့ဖြစ်သည်။ တစ်နေ့ဖြစ်ပြည်နယ်၏ အနာဂတ်အတွက် မိမိတို့ အားလုံး၏တာဝန်နှင့် အခန်းကဏ္ဍများကို ပြန်လည်သုံးသပ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ရိုးရာအနုပညာနှင့် ဓလေ့ထုံးတမ်း အစဉ်အလာ များ မျိုးဆက် အဆက်ဆက်ရှင်သန်တည်တံ့ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုခိုင်မာလာပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

သို့ဖြစ်ပါ၍ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူ များအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ အေးချမ်းသာယာသောလူမှုဘဝများ ပိုင်ဆိုင်နိုင်ကြ ပါစေ၊ ပြည်နယ်၏ သဘာဝအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ကြပါစေ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကိုအခြေခံ၍ သာယာဝပြောသော အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း လေးနက်စွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ “သမိုင်းကို တန်ဖိုးထား၊ ယဉ်ကျေးမှုကို ထိန်းသိမ်း၊ ပညာကို မြှင့်တင်၊ ညီညွတ်မှုကို တည်ဆောက်၍ ငြိမ်းချမ်းသာယာသောအနာဂတ်ကို အတူတကွ ဖန်တီး ကြပါစို့” ဟူသော ခံယူချက်ဖြင့် ကရင်ပြည်နယ်နှင့် ပြည်ထောင်စုကြီး၏ ပိုမိုကောင်း မွန်သော အနာဂတ်ကို အားလုံးလက်တွဲညီညီ တည်ဆောက်သွားကြပါစို့ဟု တိုက်တွန်း နှိုးဆော်လျက် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာပေး ပို့အပ်ပါသည်။


အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ

ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


#Myanmar #News



မူရင်းသတင်း — Myanmar National Post