Myanmar National Post

ကမာရွတ်တက္ကသိုလ်များနယ်မြေရှိ ပညာရေးနှင့် အားကစားအဆောက်အဦများ အဆင့်မြှင့်တင်ရေး နိုင်ငံတော်သမ္မတ လမ်းညွှန်




နေပြည်တော်၊ နိုဝင်ဘာ ၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်တက္ကသိုလ်များနယ်မြေအတွင်းရှိ ပညာရေး၊ အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦများကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ ရေရှည်အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အဆင့်မြှင့်တင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတသည် ရန်ကုန်ပညာရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ရှိ ခြောက်ထပ်စာသင်ဆောင်သစ်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ရန်ကုန်တက္ကသိုလ်ဘောလုံးကွင်းနှင့် တက္ကသိုလ်များရေကူးကန်တို့ကို ကြည့်ရှုစစ်ဆေးစဉ် ပညာရေးအဆောက်အဦများ တည်ဆောက်ရာ၌ အနာဂတ်လိုအပ်ချက်နှင့် အရေးပေါ်ဘေးကင်းရေးကို ထည့်သွင်းစဉ်းစားရန်၊ ပညာရေးစာအုပ်စာစောင်များ အချိန်မီထုတ်ဝေနိုင်ရေး ဝန်ကြီးဌာနများအကြား ချိတ်ဆက် ဆောင်ရွက်ရန်၊ ဘောလုံးကွင်း၊ ပွဲကြည့်စင်နှင့် ရေကူးကန်တို့ကို အဆင့်မီပြုပြင်မွမ်းမံပြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ရေဆိုးထုတ်စနစ် ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တက္ကသိုလ်များဆေးရုံရှိ ဓာတ်ခွဲခန်း၊ သွားနှင့်မျက်စိရောဂါကုသမှုဌာနများ၊ လူနာဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post