သတိုး
၇. ၁၁. ၂၀၂၆
ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ ကာလကြာရှည်စွာ ဖြစ်လာသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ၏ နေ့စဉ်လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများရှိနေသည်ကို တွေ့မြင်နေရကြောင်းနှင့် သဘာဝအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့် ကရင်ပြည်နယ်၏ အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရန် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိရေးသည် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှတစ်ဆင့် ဖော်ပြပြောကြားသည်။
ထို့အတူ ငြိမ်းချမ်းရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့သည်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အဓိကကျသည့် အင်အားများဖြစ်သည်။ ထို့ကြောင့် သဘောထားကွဲလွဲမှုများကို အပြန်အလှန်လေးစားမှု၊ သည်းခံနားလည်မှုနှင့် တွေ့ဆုံဆွေးနွေးမှုတို့ဖြင့် ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများလျော့နည်းပပျောက်ရေး၊ လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုပြန်လည်တည်ဆောက်ရေးတို့အတွက် သက်ဆိုင်သူအားလုံးက စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်နေသည်။ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ အေးချမ်းလုံခြုံမှုနှင့် ဘဝအနာဂတ်ကောင်းမွန်ရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ကြိုးပမ်းကြရန် အလေးအနက် တိုက်တွန်းအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။
အလားတူ ကရင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူငယ်များသည် မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းရင်း ခေတ်မီပညာရပ်များကိုလည်း ကျွမ်းကျင်တတ်မြောက်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ အခြေခံအားဖြင့် ပညာသင်ကြားသည့် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်က မူဝါဒချမှတ်ထားသော KG +9 ပြီးမြောက်သည်အထိ ပညာသင်ကြားရန် လိုအပ်သည့်အပြင် သိပ္ပံနှင့်နည်းပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ အနုပညာနှင့် အခြားပညာရပ်နယ်ပယ်အသီးသီးတွင် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် အားပေးမြှင့်တင်သင့်ကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် ဒီဂျစ်တယ်နည်းပညာနှင့် ခေတ်မီနည်းပညာရပ်များသည် အနာဂတ် ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးကဏ္ဍများတွင် ပိုမိုအရေးပါလာမည်ဖြစ်သဖြင့် လူငယ်များအနေဖြင့် စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ လက်တွေ့အသုံးချနိုင်စွမ်းမြှင့်တင်ထားကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက သဝဏ်လွှာဖြင့် မှာကြားသည်။