
အကြွေးစနစ်ဖြင့် ဒူဘိုင်းတွင် အိမ်အကူသွားရောက်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး အီရတ်သို့ ပို့ဆောင်ခံရကာ နှိပ်စက်ခံနေရသဖြင့် အကူအညီ ပေးပါရန် အဆိုပါ အမျိုးသမီးငယ်၏ အစ်မဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အမျိုးသမီးငယ်မှာ TikTok မှတစ်ဆင့် အေးဂျင့်တစ်ဦးနှင့် ချိတ်ဆက်မိကာ ဒူဘိုင်းသို့အကြွေး စနစ်ဖြင့် အိမ်အကူသွားရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
"ညီမအငယ်ဆုံးက အိမ်နဲ့မတိုင်ပင်ဘဲသူ့သဘောနဲ့သူ တစ်တော့ကနေ အေးဂျန့်မတယောက်ဆီ အကြွေးစနစ်နဲ့ ဒူဘိုင်းမှာ အိမ်အကူသွားလုပ်မယ်ဆိုပြီး ဟိုရောက်တော့ အေးဂျန့်က ပတ်စ်ပို့တွေသိမ်းပြီး အီရတ်ဘက် ပို့လိုက်လို့ပါ။ အစပိုင်း အိမ်နဲ့အဆက်အသွယ်ပုံမှန်လုပ်နေပြီး ဟိုတလောက သူတို့ပို့လိုက်တဲ့ အိမ်ရှင်က အရမ်းရိုက်နှက်နှိပ်စက်ပြီး အေးဂျန့်ရုံးကိုပြန်ပို့၊ ရုံးက ကောင်ကလည်းထပ်ရိုက်ပြီး နှိပ်စက်တဲ့အိမ်ကိုဘဲပြန်ပို့ပြီး ပြန်ချင်ရင် ဒေါ်လာ ၃ဝဝဝပေးရမယ်ဆိုပြီးတောင်းလို့ တကယ်ပေးတဲ့ခါကျ အခု ၈၅ဝဝတောင်းပြီးငွေညှစ်လို့ပါ။မြန်မာပြည်ကအေးဂျန့်မကလည်း သူတိူ့အကြွေးနဲ့ပို့တဲ့ထဲ လခတွေကိုအကုန် ယူလို့ကုန်သွားပြီဆိုတော့ ဘာမှလည်းတာဝန််မယူပေးသလို ဟိုကငွေတောင်းတာကိုပေးနိုင်မှ ပြန်ရမဲ့ သဘောမျိုးလုပ်နေလို့ပါ။ အေးဂျန့်မနာမည်နဲ့ သူ့kpay ကိုဘဲသိထားပါတယ်။ အငယ်ဆုံးညီမက နဂိုက အူတူတူအတတထုံအတာဆိုတော့ အေးဂျန့်မရဲ့ပတ်စ်ပို့၊မှတ်ပုံတင်ဘာတခုမှလည်း ပုံမယူထားလို့ပါ" ဟု အဆိုပါအမျိုးသမီးငယ်၏ အစ်မဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။
လက်ရှိတွင်လည်း နေ့တိုင်းနီးပါး နှိပ်စက်ခံနေရကြောင်း၊ ဖုန်းမှာလည်း ရိုက်ခွဲခံရသဖြင့် အခြားအလုပ်သမားတစ်ဦး၏ ဖုန်းဖြင့်ဆက်သွယ်လာသဖြင့် အကြောင်းစုံကို သိရှိခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကူညီနိုင်သူများရှိပါက အကူအညီပေးပါရန် လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုထားသည်။
"အငယ်မလေးက ကလေးဗိုက်ခွဲမွေးထားဖူးတဲ့သူမို့ ရုံးမှာရော အိမ်ရှင်ကပါ ဗိုက်တွေကန် ပါးတွေနားတွေဝိုင်းရိုက်ကြတယ်လည်းပြောပါတယ်၊ သူ့ဖုန်းကိုလည်းရိုက်ခွဲလိုက်ပြီး သူက တခြားအလုပ်သမားဖုန်းနဲ့ အိမ်ကိုဆက်သွယ်လာလို့အကြောင်းစုံသိရတာပါ။ကျမကလည်း မိဘတွေနဲ့အတူနေတာမဟုတ်ဘဲ သီးသန့်တအိမ်ဆိုတော့ အိမ်ကကိစ္စတွေဆို နောက်ကျမှသိရတာများလို့ပါ။လူကုန်ကူးနဲ့အမှုဖွင့်ရမလားဘာနဲ့ဖွင့်ရမလားလည်းသေချာမသိလို့ပါ။ မြန်မာပြည်ကနေ အီရတ်ဘက်ကို အိမ်အကူနဲ့အပို့ခံရပြီး အာ့လိုဘဲရိုက်နှက် နှိပ်စက်ခံနေရတဲ့မိန်းကလေးတွေအများကြီးဘဲလို့ လည်း ပြောပါတယ်။ ပို့လိုက်တဲ့ အေဂျင်စီ တွေက ဒူဘိုင်းဘက်အလုပ်ရမယ်ဆိုပြီး ဟိုကျမှ ပို့ပစ်တာမျိုးပါ။ သိတတ်နားလည်သူ တွေ အကြံပေးကြပါဦးနော်" ဟု နှိပ်စက်ခံရသည့် အမျိုးသမီးငယ်၏ မိသားစုဝင်တစ်ဦးက ရေးသားထားသည်။