
တောင်ကြီးမြို့ i Car ကားဝပ်ရှော့တွင် လုံခြုံရေးဝန်ထမ်းက မီးရှို့ခြင်းကြောင့် မီးလောင်မှု ဖြစ်ပွားပြီး ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက် နယ်မြေ(၅) ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် တွင် ဖွင့်ထားသော i Car ကားဝပ်ရှော့တွင် နိုဝင်ဘာ ၇ ရက် ည၁၀ နာရီခွဲတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကာ ၎င်းဝပ်ရှော့မှ လုံခြုံရေးဝန်ထမ်းဖြစ်သူက မီးရှို့ရာမှ မီးလောင်ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယင်းမီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ Super Custom အမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈၂ သိန်းခန့်ရှိကြောင်း မီးသတ်တပ်ဖွဲ့၏ တွက်ချက်မှုအရ သိရသည်။
အဆိုပါ ဖြစ်စဉ်မှ မီးရှို့သူ ဆိုင်လုံခြုံရေးဝန်ထမ်း ဟိန်းသူထက်အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။