Myanmar National Post

ဆော်ဒီက မိုးမျှော်တိုက်ကို ဟူသီတွေက ဒုံးနဲ့ လှမ်းဆော်



နိုဝင်ဘာ - ၉ ( တနင်္လာနေ့ ) 

ဆော်ဒီအာရေဗျရဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ အာရမ်ကို ရဲ့ ရုံးခန်းတွေရှိရာ မိုးမျှော်တိုက်ကြီး တစ်တိုက်ကို ယီမင်နိုင်ငံဟူသီလက်နက်ကိုင်တွေက  ဒုံးကျည်တွေနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်လိုက်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ 

ဒီအပတ်တနင်္ဂနွေနေ့ တိုက်ခိုက်မှုဟာ ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ သီတင်းပတ်ကုန်ပိုင်းက တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့ရတဲ့ အပေါ် လက်တုံ့ပြန်တာဖြစ်တယ်လို့ ဟူသီအဖွဲ့ဘက်က ပြောပါတယ်။

မြို့တော် ရီယာ့ဒ်က ဘုရင် အဗ္ဗဒူလာရဲ့ ငွေကြေးဆိုင်ရာဇုန် မှာရှိတဲ့ အာရမ်ကို တိုက်မကြီးဟာ အထပ်ပေါင်းများစွာမှာ သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး ပြတင်းပေါက်တွေကွဲကြေ၊ ဖန်သားပြင်အကာအရံတွေ ပွင့်ထွက်ကုန်တဲ့အပြင် အတွင်းပိုင်းတည်ဆောက်ပုံတွေပါ ပွင့်ထွက်သွားခဲ့ပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေအရ အဲဒီအထပ်မြင့်တိုက်ရဲ့ အပြင်ဘက်မှာ ပြင်းပြင်းထန်ထန် ပျက်စီးသွားတာကို တွေ့ရပြီး၊ မျက်မြင်သက်သေတွေကလည်း ဆော်ဒီမြို့တော်တဝန်းမှာ ပေါက်ကွဲသံတွေကို အကြိမ်ကြိမ် ကြားခဲ့ရတယ်လို့ ပြောကြပါတယ်။

ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးဌာနကတော့ အာရမ်ကို ရဲ့ အုပ်ချုပ်ရေးရုံး ကို တိုက်ရိုက် တိုက်ခိုက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြုတ်ကျလာတဲ့ ဒုံးစွယ်ဒုံးစ ကွဲစတွေကြောင့် "အသေးစား ထိခိုက်ပျက်စီးမှု" လောက်သာ ဖြစ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူ တစ်စုံတစ်ရာ မရှိဘူးလို့ အလေးအနက် ပြောကြားထားပါတယ်။

ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ဘက်ကတော့ သူတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေက ရီယာ့ဒ်မြို့ဘက်ကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်း အပါအဝင် ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တား နိုင်ခဲ့သလို၊ ဆော်ဒီနိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်နဲ့ တောင်ပိုင်းဒေသတွေကို ပစ်မှတ်ထားလာတဲ့ ဒုံးကျည်တွေ ကိုလည်း ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။


REF: RT

#News #Myanmar



မူရင်းသတင်း — Myanmar National Post