Myanmar National Post

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်






ပဲခူး၊ နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်းကျုံးမြောက်ဘက်၌  မော်ကွန်းတံခါးအနီး ကျုံးကူးတံတားတည်ဆောက်မည့်နေရာသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ကျုံးပတ်လမ်းများ ကောင်းမွန်မှုရှိစေရေးနှင့် မြို့ရိုးတစ်လျောက်ရှိ ခြုံနွယ်များအား စဉ်ဆက်မပြတ် ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ နန်းတော်ရာ ဟောင်းနေရာ ရှာဖွေတူးဖော်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ကုန်းများအလိုက် ရှာဖွေ တွေ့ရှိသည်များကို ခေတ်အလိုက်ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားရှိရန်နှင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကေတုမတီမြို့ဟောင်း စစ်ရင်း တံခါးပေါက်၊ မြို့ရိုးနှင့် နွံကျုံး ပြန်လည်ဖော်ထုတ် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ခဲ့ပြီး ရှာဖွေ ဖော်ထုတ်ရရှိသည့် နေရာများတွင် မူလပုံစံအတိုင်း ပြန်လည်တည်နိုင်ရေးနှင့် ကေတုမတီမြို့ဟောင်း၏ မြို့ရိုးနှင့် နွံကျုံးအား ရှေးမူမပျက်  ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post