
#Local_News
Published 10 November 2026
■ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီး၍ (၃၅) ကြိမ်မြောက် အရှေ့မြောက်မုတ်သုံဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေနှင့် ကဏ္ဍအလိုက် သက်ရောက်နိုင်မှုများအပါအဝင် မိုးလေဝသနှင့်သက်ဆိုင်သည့်ကဏ္ဍများအကြောင်း ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
■ ယနေ့ကျင်းပပြုလုပ်သည့် (၃၅) ကြိမ်မြောက် အရှေ့မြောက်မုတ်သုံဖိုရမ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ (အနောက်တောင်မုတ်သုံရာသီကာလ) မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ ခန့်မှန်းချက် များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် စိုက်ပျိုးရေးမိုးလေဝသအခြေအနေ သုံးသပ်တင်ပြခြင်း၊ လာမည့် ဆောင်းရာသီကာလ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေနှင့် ကဏ္ဍအလိုက် သက်ရောက်နိုင်မှုများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ရေနည်းကာလများတွင် ဖြစ်ပေါ်လာနိုင် သည့် မြစ်ရေအခြေအနေများကို သုံးသပ်တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ် ဖြစ်နိုင်ခြေများနှင့် မန္တလေးငလျင်ကြီး၏ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့မှုများအား ရှင်းလင်းတင်ပြခြင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတု၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာအတွေ့အကြုံ၊ သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များနှင့် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်နိုင်မှုအခြေအနေများကို အသုံးပြု၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်းနှင့် ဖြည့်စွက်အကြံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
■ အဆိုပါ အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသောဌာနများ၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် သက်ဆိုင်သောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများနှင့် အခြား ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအပါအဝင် စုစုပေါင်း ၄၇ ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
#YMG/NN #Yangon_Times