Eleven Media Group

■ အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်းမရှိသေးဟု နေပြည်တော်ကောင်စီဝင် ပြောကြား

အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်းမရှိသေးဟု နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြောကြားသည်။

နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က ထားဝယ်ချောင်အမှိုက်ပုံ ရွှေ့ပြောင်းပေးရေးနှင့်ပတ်သက်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက္ကံမြို့သစ်တို့တွင် နေထိုင်သူများသည် ထားဝယ်ချောင်အမှိုက်ပုံမှ ထွက်ရှိသည့် အနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသည့်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ သွေးတိုးနှင့် နှလုံးရောဂါများ ခံစားနေကြရသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် စွန့်ပစ်အမှိုက်များကြောင့် ခြင်၊ ယင်ကောင်များလည်း ပေါများလာသည့်အတွက် အမှိုက်ပုံအနီးရှိ ရပ်ကွက်နေပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အရေပြားယားနာရောဂါများပါ ခံစားနေကြရပါကြောင်းလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ထားဝယ်ချောင်အမှိုက်ပုံသည် ဘုန်းကြီးကျောင်းများ၊ လူနေရပ်ကွက်များရှိ အိမ်များနှင့်လည်း နီးကပ်စွာတည်ရှိနေသည့်အတွက် ယခုကဲ့သို့ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် မီးဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း၊ ထို့ကြောင့် ထားဝယ်ချောင်အမှိုက်ပုံကြီးအား အမြန်ဆုံးရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်က မေးခွန်းမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူများမှ နေ့စဉ်စွန့်ပစ်သည့် အမှိုက်တန်ချိန် ၁,ဝဝဝ မှ ၁,၂ဝဝ ခန့်အား စီမံခန့်ခွဲနိုင်ရန်အတွက် အရန်အနေဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား ဘတ်ဂျက်ရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြောကြားသည်။

ထို့အပြင် အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက စနစ်တကျအမှိုက်ပုံပိတ်သိမ်းသည့်နည်းစဉ် (Engineering Closure) လုပ်ငန်းစဉ်အတိုင်း စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းလည်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group