
ငွေထုတ်ကန့်သတ်ချက်မူဝါဒကြောင့် ငွေစုဆောင်းသူများသည် အစိုးရဘဏ်တွင် အပ်နှံရန် စိတ်ဝင်စားမှုနည်းလာကြောင်း ဝမ်းတွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်းက လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။
နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၅ ရက်မြောက်နေ့တွင် "အစိုးရဘဏ်များ၌ အပ်နှံငွေများအား လိုအပ်သလောက် ထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မူဝါဒ၊ နည်းပညာ၊ ဝန်ဆောင်မှုများကျင့်သုံးရန် အစီအစဉ် ရှိ မရှိ" ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရာ၌ ၎င်းက အထက်ပါအချက်ကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်းက "ငွေကြေးစီးဆင်းလည်ပတ်မှုက နိုင်ငံတော်ရဲ့ အဓိကအသက်သွေးကြောဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်ပါတယ်။ ယခုအခါ ကျွန်တော်တို့နိုင်ငံမှာ အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကများလည်း အောင်မြင်စွာ ငွေကြေးလည်ပတ်စီးဆင်းမှု ဝန်ဆောင်မှု ပေးနေကြပါတယ်။ နိုင်ငံတော် အစိုးရဘဏ်များတွင် ငွေစုဆောင်းသူများသည် မိမိအပ်နှံငွေများအနက်မှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ သာနှင့် ကုမ္ပဏီအသင်းအဖွဲ့များ အပ်နှံငွေကို ထုတ်ယူလိုပါက တစ်ပတ်လျှင် သိန်း ၂၀၀ ကျပ် ထုတ်ယူခွင့်ရရှိပြီး လိုအပ်သလောက် ထုတ်ယူခွင့် မရရှိပါ။ ယခုကဲ့သို့ မိမိအပ်ထားသော ငွေကြေးအားပြန်ထုတ်ရန် မလွယ်ကူသော ကန့်သတ်ချက်များကြောင့် ငွေစုဆောင်းသူများဟာ အစိုးရဘဏ်တွင် အပ်နှံရန် စိတ်ဝင်စားမှု နည်းလာပြီး ပုဂ္ဂလိကဘဏ်များသို့ သွားရောက်စုဆောင်းနေသည်ကို လေ့လာသိရှိရပါသည်"ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက "ကုမ္ပဏီနဲ့ ငွေစုသူများဟာ ငွေများများထုတ်ချင်လျှင် အစိုးရဘဏ်ဝန်ထမ်းများအား ရာခိုင်နှုန်းပေးပြီး ငွေထုတ်နေကြ၍ မလိုလားအပ်သော အဂတိမှုများသည် ယခုကဲ့သို့ ငွေထုတ်ကန့်သတ်ချက် မူဝါဒများကြောင့် သုံးသပ်ရပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရဘဏ်၊ ဘဏ်နှင့် ဆက်သွယ်ငွေစုသူများ အကျိုးရှိစေရန်အတွက် အောင်မြင်နေသော ပုဂ္ဂလိကဘဏ်များနည်းတူ နည်းပညာများ၊ ဝန်ဆောင်မှုများနှင့် ကန့်သတ်ချက်ငွေထုတ်မူဝါဒများ ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က နိုင်ငံပိုင်ဘဏ်များအနေဖြင့် Customer များမှ ငွေသားထုတ်ယူရာတွင် ဘဏ်များ၏ ငွေသားလွယ်ကူမှုအပေါ်မူတည်၍ အဆင်ပြေချောမွေ့စွာ ငွေသားထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများနှင့် စာရင်းပြောင်းနည်းလမ်းများကို ပိုမိုအားပေးဆောင်ရွက်ရန်နှင့် မြို့နယ်ဘဏ်ခွဲများအထိ ထိရောက်စွာ ကြပ်မတ်ကွပ်ကဲနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့ပြင် နိုင်ငံတော်ပိုင်ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒီဂျစ်တယ်စီးပွားရေး အဆောက်အအုံသို့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ အရှိန်အဟုန် မပြတ်ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှု လျှော့ချပြီး အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဘဏ်များ၏ လက်ရှိနည်းပညာစနစ်များ၊ လုပ်ငန်းဆောင်ရွက်နိုင်စွမ်း၊ သုံးစွဲနိုင်မည့် ဘဏ္ဍာရေးအရင်းအမြစ်နှင့် လူ့စွမ်းအား အရင်းအမြစ်တို့အပေါ် ထည့်သွင်းသုံးသပ်ကာ ဦးစားပေးလုပ်ငန်းများကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လိုအပ်ချက်ပေါ်မူတည်ပြီး အဆင့်လိုက်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့သည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံပိုင်ဘဏ်များသို့ ဘဏ်များ၏ ငွေသားလွယ်ကူမှုအပေါ် မူတည်၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဒုတိယဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့သည်။