
အခွန်စည်းကြပ်ထိုက်သော ဝင်ငွေရရှိလျက် အခွန်ထမ်းဆောင်ရန် ပျက်ကွက်နေသူများအား အခွန်ပေးသွင်းသူ မှတ်ပုံတင်ခြင်းနှင့် အမည်မည်းစာရင်းများ စောင့်ကြည့်စစ်ဆေးခြင်းစနစ် M-Traces ဖြင့် မကွေးတိုင်း၌ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်သည့် M-Traces - Myanmar Taxpayer Registry and Compliance Evaluation System စနစ်ကို PSMS-People Survellance and Management System လူမှုကွန်ယက်စောင့်ကြည့်မှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ကြောင်း သိရသည်။
PSMS စနစ်တွင် ပါရှိပြီးသော Guest Identity Verification System (GIVS) –တည်းခိုသူအချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းစနစ်နှင့် Vehicle Line Screening System (VLSS) ယာဉ်လိုင်းစစ်ဆေးမှုစနစ်များသည် အခွန်ရရှိနိုင်သည့်စနစ်များဖြစ်သည့်အတွက် M-Traces စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
M-Traces စနစ် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ကြွေးကျန်များ ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး နောက်ထပ်အခွန်ကြွေးကျန်များ မရှိစေရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ ပိုမိုရရှိစေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၄ ရက်တွင် မကွေးတိုင်းဒေသကြီးမြို့တော်ခန့်မ၌ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အသင်းဖွဲ့ အသီးသီးမှ ဥက္ကဌများ၊ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်အခွန်ထမ်းပြည်သူများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အဖွဲ့တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းနှင့် M-Traces စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းကို တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက် အကူပြုအဖွဲ့မှ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့မှ အသီးသီးဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ အခွန်ထမ်းဆောင်ရန်ပျက်ကွက်သူများထံမှ ရသင့်ရထိုက်သော အခွန်များရရှိနိုင်စေရေးဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ SOPအား အတည်ပြုပြီး ဖြစ်ပါသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များသည် PSMS စနစ်ဖြင့် (၂၄/ ၇) လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် နှစ်အဆက်ဆက်အခွန်ကြွေးမပြေ ကျန်ငွေကျန်ရှိနေခြင်း၊ အခွန် စည်းကြပ်ထိုက်သောဝင်ငွေရရှိပါလျက် အခွန်ထမ်းဆောင်ရန် ပျက်ကွက်နေသည့် အခွန်ထမ်းပြည်သူများထံမှ ရသင့်ရထိုက်သော အခွန်ငွေများကို ဥပဒေများနှင့်အညီ ပြန်လည်ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အခွန်ကြွေးကျန်ရှိ၍ အခွန်ကြွေးနှိုးဆော်စာများကို ထုတ်ဆင့်၍ အခွန်ကြွေးအကြိမ်ကြိမ်တောင်းခံသော်လည်း ဆက်လက်ပျက်ကွက်နေသည့် အခွန်ထမ်းများ၊ အခွန်စည်းကြပ်ထိုက်သောဝင်ငွေရရှိသူအား အခွန်စည်းကြပ်မှုခံယူရန် သတ်မှတ်ချက်များနှင့်အညီ အကြိမ်ကြိမ် အကြောင်းကြားခေါ်ယူသော်လည်း အခွန်ထမ်းဆောင်ရန် ပျက်ကွက်နေသည့် လုပ်ငန်းရှင်များမှ (M-TRACES) ကိုအသုံးပြု၍ ရသင့်ရထိုက်သော အခွန်များကို ရရှိနိုင်စေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။