Eleven Media Group

သမ္မတဒေါ်နယ်ထရန့် ကမ်းလှမ်းသည့် အိမ်ဖြူတော်‌ပြောရေးဆိုခွင့်ရှိသူရာထူးကို UFC အကြီးအကဲက ငြင်းပယ်

အိမ်ဖြူတော်သို့ ရှောင်တခင်ရောက်လာသည့် Ultimate Fighting Championship (UFC) အကြီးအကဲဒါနာဝှိုက်ကို ထရန့်ကအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတာဝန်အား ပြုံးပြုံးရွှင်ရွှင် ကမ်းလှမ်းခဲ့ရာ ဒါနာဝှိုက်က ထိုရာထူးကို နိုဝင်ဘာ ၉ ရက်တွင် ငြင်းပယ်ခဲ့သည်။

ထရန့်က အထင်ကရ အလုပ်အတွက် ဝှိုက်ကို ခန့်အပ်မည်ဟု မေးမြန်းထားကြောင်း နိုဝင်ဘာ ၇ ရက် ဆိုရှယ်မီဒီယာပို့စ်တွင် ဖော်ပြခဲ့ခြင်းဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်ဆိုသော်လည်း တစ်ရက်အကြာတွင် ယင်းသို့ပြောခဲ့ခြင်းမှာ ကျီစားခြင်းသာဖြစ်သည်ဟု ဆိုခဲ့သည်။

အသက် ၅၇ နှစ်အရွယ် UFC အကြီးအကဲဒါနာဝှိုက်သည် နိုဝင်ဘာ ၉ ရက်တွင် အိမ်ဖြူတော်သို့ ရောက်လာခဲ့ရာ ထရန့်ကသူ့အား ဂျိမ်းဘရက်ဒီ အစည်းအဝေးခန်းမတွင် ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲသို့ ခေါ်လာခဲ့သည်။

“မေးခွန်းကြီး တစ်ခုလောက်တော့ မေးပါရစေ။ ခင်ဗျားဟာ အမေရိကန်ပြည်ထောင်စုရဲ့ သတင်းပြန်ကြားရေးအရာရှိ ဖြစ်လိုပါသလား။ ဒါမှမဟုတ် ဒီအဓိပ္ပာယ်မရှိတဲ့ UFC မှာပဲ ဆက်နေချင်နေတာလား” ဟု ထရန့်က ပြောခဲ့သည်။

“ကမ်းလှမ်းတာအတွက် ကျေးဇူးတင်ပါတယ်၊ သမ္မတကြီးခင်ဗျား။ ကျွန်တော်က နိုင်ငံရေးမှာ မပါချင်ပါဘူး။ ဒါကြောင့် သတင်းပြန်ကြားရေးအရာရှိ မလုပ်ပါဘူး” ဟု ဝှိုက်က ပြန်ပြောခဲ့သည်။

ထရန့်က “ကျွန်တော် ဒီစကားကြားရတာ ဝမ်းနည်းမိပါတယ်။ နှုတ်ဆက်ပါတယ်” ဟု ထရန့်က ခန်းမထဲမှ ပြုံး၍ ထွက်ခွာသွားခဲ့သည်။

အစဉ်အလာအားဖြင့် အမေရိကန်အစိုးရအဖွဲ့၏ထင်သာမြင်သာအရှိဆုံးရာထူးတစ်ခုဖြစ်သည့် အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ သို့မဟုတ် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ရာထူးသည် အောက်တိုဘာ ၁၆ ရက်တွင် ထိုရာထူးမှ ကေတီဇာချာရီးယား နုတ်ထွက်သွားကတည်းက လစ်လပ်နေသည်။

ကေတီဇာချာရီးယားသည် အိမ်ဖြူတော်ပြောရေးဆို ခွင့်ရှိသူအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီးတစ်ပတ်မပြည့်မီ ရာထူးမှ ထွက်ခွာသွားသူဖြစ်သည်။

UFC ဥက္ကဌလည်းဖြစ် အမှုဆောင်ချုပ်လည်းဖြစ်သော အသက် ၅၇ နှစ်ရှိ ဒါနာဝှိုက်သည် သမ္မတထရန့်၏ ကာလရှည်မိတ်ဆွေဖြစ်သည်။

မူရင်းသတင်း — Eleven Media Group