
နိုဝင်ဘာ - ၁၁ ( ဗုဒ္ဓဟူးနေ့ )
စပိန်နိုင်ငံက ခေတ်သစ်နာဇီ (နီယိုနာဇီ) အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တွေဟာ မိခင်နိုင်ငံမှာ “လက်နက်ကိုင် အင်းအားပြမှု/အဓိကရုဏ်း” ပြုလုပ်ဖို့အတွက် ယူကရိန်းရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဇော့ တပ်ဖွဲ့ဆီကနေ စစ်ရေးလေ့ကျင့်မှုတွေ ရယူခဲ့ကြတယ်လို့ အင်္ဂါနေ့က အယ်လ်ပါရစ် သတင်းစာ မှာ ဖော်ပြခဲ့ပါတယ်။
စပိန်ရဲတွေရဲ့ စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြချက်အရ နျူကလီယို နာစီယွန်နယ် လို့ခေါ်တဲ့ အဖွဲ့က အစွန်းရောက်တွေဟာ ဩဂုတ်လတုန်းက ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ကြပြီး၊ အဲဒီမှာ ယူကရိန်းအမျိုးသားအစောင့်တပ်ဖွဲ့ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ နီယိုနာဇီနဲ့ ဆက်နွယ်နေတဲ့ အဇော့တပ်ဖွဲ့နဲ့ အဆက်အသွယ် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံသားတွေဟာ AK-47 တိုက်ခိုက်ရေး သေနတ်တွေ၊ ကျည်ကာတွေနဲ့ လေ့ကျင့်ခဲ့ကြပြီး စပိန်တစ်ဝန်းက အသစ်ဝင်လာမယ့်သူတွေကို ပြန်လည်သင်ကြားပေးနိုင်မယ့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေကို ရယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။ ကြားဖြတ် ဖမ်းဆီးရမိခဲ့တဲ့ ဖုန်းပြောဆိုချက် တစ်ခုမှာ ဆိုရင် အဖွဲ့ဝင်တစ်ဦးက “လေ့ကျင့်မှု မရှိဘဲနဲ့ ဘယ်လို အဓိကရုဏ်းမှ အောင်မြင်မှာ မဟုတ်ဘူး” လို့ သတိပေးပြောဆိုထားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီ အစွန်းရောက်တွေကို ကိယက်ဗ်၊ စစ်ရေးလေ့ကျင့်ရေးစခန်းတစ်ခုနဲ့ ရုရှားနယ်စပ်ကနေ ၂၀ ကီလိုမီတာလောက်အကွာမှာရှိတဲ့ အမည်မသိမြို့တစ်မြို့ဆီအထိ ခြေရာခံမိခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ အဖွဲ့ဝင်တွေဟာ နျူကလီယို နာစီယွန်နယ် ရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး၊ တစ်ယောက်ဆိုရင် သေနတ်တစ်လက် ကိုင်ဆောင်ကာ နာဇီအလံ တံဆိပ်ကို ပြသထားတာကို တွေ့ရပါတယ်။ တခြားသူတွေကတော့ အဖြူရောင် လူမျိုးကြီးဝါဒီ အွန်လိုင်းဖိုရမ်တစ်ခုဖြစ်တဲ့ စထရောင်းဖရန့် ရဲ့ လိုဂိုပါတဲ့ ရှပ်အင်္ကျီတွေကို ဝတ်ဆင်ထားကြပါတယ်။
မစ်ဒရစ်မြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ချီတက်ပွဲမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် စပိန်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်က အဲ့ဒိ အဖွဲ့ကို ဝင်ရောက်နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ အဲဒီအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ နိုင်ငံတကာ အစွန်းရောက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေနဲ့ စစ်ဘက်သုံး လက်နက်တွေကို ပိုင်ဆိုင်နိုင်ခြေရှိတာတွေကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။
ပြည်နယ် ခုနစ်ခုမှာ သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၁၀ ဦးကိုတော့ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုမှာတော့ မုန်းတီးမှုကို လှုံ့ဆော်မှု၊ တရားမဝင် အသင်းအဖွဲ့ ဆောင်ရွက်မှုနဲ့ တားမြစ်ထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားမှုတွေ ပါဝင်နေပါတယ်။
အဲဒီအဖွဲ့က ဂျာမနီ၊ ပြင်သစ်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ ခရိုအေးရှားနိုင်ငံတွေက အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိနေတာတွေကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ရုရှား တာဝန်ရှိသူတွေကလည်း ယူကရိန်းက နီယိုနာဇီ အဖွဲ့အစည်းတွေကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးနေတာဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး၊ အစွန်းရောက် ကွန်ရက်တွေ၊ လက်နက်တွေနဲ့ အကြမ်းဖက်မှုတွေ ဥရောပတစ်ဝန်း ပျံ့နှံ့သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
REF: RT
#News #Myanmar