Myanmar National Post

ကုသိနာရုံမြန်မာကျောင်းထိုင်ဆရာတော်နှင့် ပရဒေသီသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး၏ (၁) နှစ်ပြည့် အောက်မေ့ပူဇော်ပွဲ အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်





ကုသိနာရုံ၊ နိုဝင်ဘာ ၁၂

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် ပရဒေသီ သံဃနာယကအဖွဲ့၏ ဖိတ်ကြားချက်အရ ၉-၁၁-၂၀၂၆ ရက်မှ ၁၀-၁၁-၂၀၂၆ ရက်အထိ အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက်၌ ကျင်းပသော ကုသိနာရုံ မြန်မာကျောင်းထိုင်ဆရာတော်နှင့် ပရဒေသီသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဉာဏိဿရ၏ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် (၁) နှစ်ပြည့် အောက်မေ့ပူဇော်ပွဲ အခမ်းအနား၊ ဆရာတော်ကြီး၏ ရုပ်တုနှင့် ကျောင်းဆောင်ဗိမာန်တော် ဖွင့်ပွဲအခမ်းအနားများသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးက ဆရာတော်ကြီး၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားများသို့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ အစိုးရအရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဆရာတော်၊ သံဃာတော်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် ဧည့်သည်တော်များ စုစုပေါင်း ၄၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့သည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post