Eleven Media Group

■နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ​နေပြည်​တော်တွင် တွေ့ဆုံ​

■နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးတက်စေရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမည့်အခြေအနေများ ​ဆွေး​နွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့(နိုဝင်ဘာ ၁၂ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့​ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ရွေးကောက်ခံအစိုးရမှ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်လျက်ရှိပြီး အာဆီယံနှင့်ပတ်သက်၍အပြုသဘောဆောင်ပြီး အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ပိုမိုထိတွေ့ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့အတွက် အရေးကြီးသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း အာဆီယံအဖွဲ့သည် အရေးကြီးသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နိုင်ငံတကာရှိပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေလျက်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူကာ အိမ်နီးချင်းနိုင်ငံများနှင့်ပါ ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ထိရောက်ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြစ်ချောင်းများတစ်လျှောက် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မြစ်ရေများညစ်ညမ်းမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများမြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍လည်း ၎င်းတို့၏ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးခဲ့​ကြောင်းသိရသည်၊

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးတင်မောင်ဆွေ၊ ဦးအောင်ကျော်ဟိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Kallayana Vipattipumiprates နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group