Eleven Media Group

ညောင်ရွှေ မြို့နယ် အင်းလေးကန်တွင် ရေတက်လာသဖြင့် အနိမ့်ပိုင်း အိမ်များ ရေနစ်မြုပ်ကြောင်း သိရ

ညောင်ရွှေ မြို့နယ် အင်းလေးကန်တွင် နိုဝင်ဘာ ၁၂ ရက်တွင် ရေတက်လာသဖြင့် အနိမ့်ပိုင်း အိမ်များ ရေနစ်မြုပ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် နိုဝင်ဘာ ၈ ရက် မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းနေသည်မှာ ၅ ရက် ရှိလာပြီ ဖြစ်ကာ မြို့နယ် အတော်များများ တွင် ရေကြီး နစ်မြုပ်ခြင်း ရှိကြောင်း သိရသည်။

အင်းလေးကန် တွင် ရေတက်လာနေသဖြင့် ရေပေါ် ကျေးရွာများရှိ အနိမ့်ပိုင်း နေအိမ်များ နစ်မြုပ်ကာ ရေတက်နှုန်းလည်း တိုးလာနေကြောင်း သိရသည်။

အင်းလေးကန် သို့ သွားရန် အရှေ့ဘက် မိုင်းသောက်လမ်း၊ အနောက်ဘက်ကမ်း ခေါင်တိုင်လမ်း ဘက်မှ သွားရပြီး ညောင်ရွှေ အဝင်လမ်း ရေကျော်သဖြင့် သွားလာမရနိုင်ကြောင်း ညောင်ရွှေမြို့ပေါ် ရေကြီး နစ်မြုပ်နေသဖြင့် ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

“မနေ့ညနေကရေကျသွားပြီးမှ ခုရက် 12ရက် မနက်ပိုင်း မှာ ရေတဖြေးဖြေး တက်လာပါတယ်။ မနေ့ကမိုးတိတ်သွားပေမဲ့ ဒီနေ့မိုးဆက်ရွာနေပါတယ် ။ အင်းလေးကန် မှာတော့ ရေတက်လာနေပါတယ်” ဟု အင်းလေးကန် ဒေသခံ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ညောင်ရွှေမြို့တွင်း ရေတက်မှု ပိုများလာနေသဖြင့် ရေဘေးရှောင် ပြည်သူပေါင်း ၆၀၀ ကျော်တို့သည် ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရကြောင်း သိရသည်။ အဓိကအားဖြင့် ညောင်ရွှေမြို့ အနိမ့်ပိုင်း ရပ်ကွက်တို့တွင် မြို့လယ်ရပ်၊ ကံသာရပ်၊ ဝင်းရပ်၊ နန်းပန်ရပ် တို့ ရေတက်မှု ပိုများကြောင်း သိရသည်။

ရေဘေးကယ်ဆယ်ရေးစခန်းများကို ညောင်ရွှေမြို့၊ ရန်ကုန်ကျောင်း၊ ရွှေချမ်းသာဘုရားနှင့် မဟာရန်အောင်မြေဘုရား တို့တွင် ယာယီ ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များက ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group