
အီရန်ဘက်က အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်လာသည့်အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆင့်သည် မကြာသေးမီက နေအိမ်မှ စစ်ဘက်အခြေစိုက်စခန်းတစ်ခုသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက အခြေအနေကို သိရှိထားသူများ၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။
အီရန်အစိုးရသည် အမေရိကန်ပိုင်နက်အတွင်း အမေရိကန်အရာရှိများနှင့် နိုင်ငံသားများကို တိုက်ခိုက်ရန် ကြံစည်နေသည်ဆိုသည့် စွပ်စွဲချက်များကို ယခင်ကတည်းက ငြင်းဆိုထားသည်။ စကော့ဘတ်ဆင့်သည် အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေး ဖိအားပေးမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။
အီရန်က အမေရိကန်အမှုထမ်းများကို ပစ်မှတ်ထားရန်နှင့် အမေရိကန်နိုင်ငံသားများကို တိုက်ခိုက်ရန် ကြံစည်မှုများ တိုးမြှင့်လုပ်ဆောင်လာနေကြောင်း ဒေါ်နယ်ထရန့်အစိုးရအဖွဲ့မှ အကြီးတန်း ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြီးခဲ့သည့်လကမှ သတိပေးထားသေးသည်။
သို့သော်လည်း အီရန်အနေဖြင့် အမေရိကန်နှင့် အခြားပြည်ပဒေသများတွင် အကြီးစားတိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းမှာ ကန့်သတ်ချက်များရှိနေသည်ဟု အမေရိကန်တာဝန်ရှိသူများက သုံးသပ်သည်။
အီရန်အစိုးရ၏ ခြိမ်းခြောက်မှုများကြောင့် ဘဏ္ဍာရေးဝန်ကြီးက နောက်ဆုတ်သွားမည်မဟုတ်ဘဲ စီးပွားရေးဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ထိုဖိအားများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေးမှာ အားနည်းလာကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၀ါရှင်တန်ရှိ ဂျော့ဂျ်တောင်းရပ်ကွက်မှ ဒေါ်လာ ၁၂ သန်းခွဲတန် အိမ်တစ်လုံးကို စကော့ဘတ်ဆင့်က ဝယ်ယူလိုက်သည်ဆိုသည့်သတင်းကို ဝေါစထရိဂျာနယ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် ဖော်ပြခဲ့ပြီး နောက်ပိုင်း ၄င်း၏လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
Ref: Reuters