သက်တံ့
၁၃. ၁၁. ၂၀၂၆
ရန်ကုန် – မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် အသွားလမ်းဘက်ခြမ်း၌ ဆွာချောင်းတံတားအသစ်တစ်စင်းကို ထပ်မံတည်ဆောက်လျက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆိုပါတံတားတည်ဆောက်နေမှုအခြေအနေ၊ အမြန်လမ်း Toll Gate များနှင့် Telematic Command & Control Center တို့ကို ယမန်နေ့တဠင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် – မန္တလေး အမြန်လမ်း (ဝ မိုင်) လမ်းဆုံရှိ Toll Gate ၌ Radio Frequency Identification Device (RFID) စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံခြင်းအား အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်နေမှု၊ မော်တော်ယာဉ်များ စနစ်တကျဖြတ်သန်းသွားလာနေမှု၊ Toll Gate ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။
ထို့နောက် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး အပိုင်းလိုက်ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ မိုင်တိုင် (၁၆၅/၁) ရှိ ဆွာချောင်းတံတား (အသွားလမ်း) နေရာတွင် တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆွာချောင်းတံတား (အသွားလမ်း) အသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၀/၂)၊ နေပြည်တော် Toll Gate သို့ရောက်ရှိပြီး Telematic Command & Control Center အားစစ်ဆေးရာ တာဝန်ရှိသူတို့၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်းကိုအသုံးပြုသည့် ခရီးသည်တင် Express ယာဉ်ကြီးများသည် ညပိုင်းတွင် ဖြတ်သန်းသွားလာမှု ပိုမိုများပြားသည့်အတွက် Control Center ရှိ ဝန်ထမ်းများအနေဖြင့် အထူးဂရုပြုပြီး စောင့်ကြည့်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ခရီးသည်တင် Express ယာဉ်နှင့် ကုန်တင်ယာဉ်များ သတ်မှတ်ထားသည့်ကီလိုထက် ပိုမိုမောင်းနှင်ပါက အရှိန်လျှော့မောင်းနှင်စေရေးသတိပေးခြင်းနှင့် မလိုက်နာသည့်မော်တော်ယာဉ်များအား သက်ဆိုင်ရာသို့အကြောင်းကြားပေးခြင်းတို့ကို တိတိကျကျဆောင်ရွက်ပေးရန်မှာကြားသည်။
Telematic စနစ် တပ်ဆင်အသုံးပြု၍ သွားလာနေသောခရီးသည်တင် Express ယာဉ် ၄၀၇၄ စီးနှင့် ကုန်တင်ယာဉ် ၂၂၉၂ စီး စုစုပေါင်း ၆၃၆၆ စီးရှိပြီး ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ခွင့်ပြုထားသောမိုင်နှုန်းများအတိုင်း လိုက်နာမောင်းနှင်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။