
#Local_News
Published 13 November 2026
■ ရန်ကုန် - မန္တလေး အမြန်လမ်း ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် အသွားလမ်းဘက်ခြမ်း၌ ဆွာချောင်းတံတားအသစ်တစ်စင်းကို ထပ်မံတည်ဆောက်လျက်ရှိကြောင်း သိရသည်။
■ အဆိုပါတံတားတည်ဆောက်နေမှုအခြေအနေ၊ အမြန်လမ်း Toll Gate များနှင့် Telematic Command & Control Center တို့ကို ယမန်နေ့ကဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း (ဝ မိုင်) လမ်းဆုံရှိ Toll Gate ၌ Radio Frequency Identification Device (RFID) စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံခြင်းအား အဆင့်မြှင့်တင်ပြောင်းလဲဆောင်ရွက်နေမှု၊ မော်တော်ယာဉ်များ စနစ်တကျဖြတ်သန်းသွားလာနေမှု၊ Toll Gate ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။
■ ထို့နောက် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး အပိုင်းလိုက် ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ မိုင်တိုင် (၁၆၅/၁) ရှိ ဆွာချောင်းတံတား (အသွားလမ်း) နေရာတွင် တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆွာချောင်းတံတား (အသွားလမ်း) အသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားရန်မှာကြားသည်။
■ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၀/၂)၊ နေပြည်တော် Toll Gate သို့ရောက်ရှိပြီး Telematic Command & Control Center အားစစ်ဆေးရာ တာဝန်ရှိသူတို့၏တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်းကိုအသုံးပြုသည့် ခရီးသည်တင် Express ယာဉ်ကြီးများသည် ညပိုင်းတွင် ဖြတ်သန်းသွားလာမှု ပိုမိုများပြားသည့်အတွက် Control Center ရှိ ဝန်ထမ်းများအနေဖြင့် အထူးဂရုပြုပြီး စောင့်ကြည့်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ခရီးသည်တင် Express ယာဉ်နှင့် ကုန်တင်ယာဉ်များ သတ်မှတ်ထားသည့်ကီလိုထက် ပိုမိုမောင်းနှင်ပါက အရှိန်လျှော့မောင်းနှင်စေရေးသတိပေးခြင်းနှင့် မလိုက်နာသည့်မော်တော်ယာဉ်များအား သက်ဆိုင်ရာသို့အကြောင်းကြားပေးခြင်းတို့ကို တိတိကျကျဆောင်ရွက်ပေးရန်မှာကြားသည်။
■ Telematic စနစ် တပ်ဆင်အသုံးပြု၍ သွားလာနေသောခရီးသည်တင် Express ယာဉ် ၄၀၇၄ စီးနှင့် ကုန်တင်ယာဉ် ၂၂၉၂ စီး စုစုပေါင်း ၆၃၆၆ စီးရှိပြီး ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ခွင့်ပြုထားသောမိုင်နှုန်းများအတိုင်း လိုက်နာမောင်းနှင်စေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times