
#Local_News
Published 13 November 2026
■ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ရပ်တည်မှုသည် တရားမဝင်ကုန်သွယ်မှုများအပေါ် အခွန်ကောက်ခံခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများမှ ရရှိသည့်ဝင်ငွေများဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရန် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကပြောသည်။
■ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်-၂၄၊ ကာကွယ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဥ်အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည် ။
■ တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုကဲ့သို့ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် လာရောက်တွေ့ဆုံသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်ပတ်သက်ပြီး တရားဝင်လမ်းကြောင်းဖြင့်သာ နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်လိုကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ရပ်တည်မှုသည် တရားမဝင်ကုန်သွယ်မှုများအပေါ် အခွန်ကောက်ခံခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများမှ ရရှိသည့်ဝင်ငွေများဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရန် နှစ်နိုင်ငံပူးပေါင်းဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် ကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
■ ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကိစ္စ များအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လမ်းကြောင်းဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံအားငြိမ်းချမ်းပြီး ပိုမိုတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း၊ အွန်လိုင်းလိမ်လည်မှုသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ကိစ္စဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
■ ထို့နောက် နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
■ အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times