၁၄.၁၁.၂၀၂၆
Written By Thandar
မကြာခင် နေပြည်တော်မှာ ကျင်းပမယ့် “၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ” အခမ်းအနားမှာ အကယ်ဒမီဆု ဗန်းကိုင်ဖို့အတွက် ရွှေကြို မောင်/မယ်တွေကို နိုဝင်ဘာလ ၁၆ ရက်ကစတင် လျှောက်လွှာတွေ ခေါ်ယူထားတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကတာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင်တွေကို မနက်ဖြန် နိုဝင်ဘာ ၁၆ ရက်ကနေ စတင်ပြီး လျှောက်နိုင်ပြီ ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါသူတွေ တကယ့်ကို စည်းကမ်းချက်တွေကိုက်ညီတဲ့ ကလေးတွေအနေနဲ့ ပါဝင်လျှောက်ထားနိုင်ပါပြီ။ အိမ်ထောင်မရှိသူ လူပျို၊ အပျိုတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိ တ္တကောင်းမွန်သူနဲ့ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်သူလျှောက်ထားနိုင်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အကယ်ဒမီဆု ဗန်းကိုင်ဖို့ လျှောက်ထားလိုသူတွေအနေနဲ့ အမျိုးသား၊ အမျိုးသမီးတွေက ယခု ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး အသက် ၂၅ နှစ် မကျော်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဗန်းကိုင်လျှောက်ထားမယ့်သူတွေက အိမ်ထောင်မရှိသူ လူပျို၊ အပျိုဖြစ်ရမှာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ၂ လက်မကနေ ၅ ပေ ၈ လက်မအတွင်းနဲ့ အမျိုးသားတွေအနေနဲ့ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ ကနေ ၆ ပေ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ နိုဝင်ဘာလ ၁၆ ရက်က စတင်ပြီး ရုံးဖွင့်ရက်တွေမှာ ထုတ်ယူနိုင်ကာ ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၄ နာရီ မတိုင်ခင် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) မှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အကယ်ဒမီ Fashion Award ဆုအတွက်လည်း ခမ်းခမ်းနားနားချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
#၂၀၂၅ခုနှစ်အကယ်ဒမီဗန်းကိုင်ပုံဟောင်း #အကယ်ဒမီဗန်းကိုင် #အကယ်ဒမီရွှေကြို #ရွှေကြိုမောင်မယ် #၂၀၂၅ခုနှစ်ရွှေကြိုမောင်မယ် #2026MyanmarShweKyo #MMPA #၂၀၂၆ခုနှစ်အကယ်ဒမီရွှေကြိုဗန်းကိုင်








