
ဟောင်ကောင်ဝါရင့်မင်းသားကြီး တိုနီလျုံကျားဖေးဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၃၉ ကြိမ်မြော်တရုတ်ရုပ်ရှင်ရွှေကြက်ဖဆုပေးပွဲမှာ သူ့ရဲ့ပထမဆုံးအကောင်းဆုံးအမျိုးသားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ အသက် ၆၈ နှစ်အရွယ် တိုနီလျုံက ဝါရင့်အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းနဲ့အတူ ပါဝင်ခဲ့တဲ့ အက်ရှင်ရုပ်ရှင်ကား The Shadow’s Edge နဲ့ အသိအမှတ်ပြုခဲ့ရတာပါ။ အဲ့ဒီရုပ်ရှင်ကားမှာ ဗီလိန်ဇာတ်ကောင် Fu Lung Sang အဖြစ် သရုပ်ဆောင်ထားပါတယ်။
ဒီဆုကို လက်ခံရယူစဉ်အတွင်း ဒါဟာ သရုပ်ဆောင်သက်တမ်း နှစ် ၄၀ ကျော်အတွင်း Golden Rooster ဆုအတွက် ပထမဆုံးအကြိမ် အမည်စာရင်းတင်သွင်းခံရတာနဲ့ ပထမဆုံးအကြိမ် ဆုရရှိတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာလာရီယန်၊ ဂျက်ကီချမ်းနဲ့ ဂျက်ကီရဲ့စတန့်အဖွဲ့သားတွေကို ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ခဲ့ပါသေးတယ်။
တိုနီလျုံက ဆုရရှိတာက အလုပ်ဟာ ဒီမှာတင်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဆက်ပြီးအလုပ်လုပ်ကြရမှာပါလို့လည်း ပြောသွားခဲ့ပါတယ်။ ဒီဆုကို ရရှိလိုက်တဲ့အတွက် တိုနီလျုံက ရွှေမြင်းဆု၊ ဟောင်ကောင်ရုပ်ရှင်ဆုနဲ့ ရွှေကြက်ဖဆုတွေမှာ အကောင်းဆုံးအမျိုးသားဆုတွေကိုရရှိဖူးတဲ့ ဒုတိယမြောက်သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ ပထမဆုံးသရုပ်ဆောင်ကတော့ တိုနီလျောင်ချိုဝေဖြစ်ပါတယ်။
Ref: Tony Leung Ka Fai finally wins Golden Rooster Best Actor award
WL (ရိုးရာလေး)