ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ အနောက်ကာလီမန်တန် ပြည်နယ်မှာ အမျိုးသမီးတွေကို တရုတ်နိုင်ငံသားတွေနဲ့လက်ထပ်ပေးဖို့ စီစဉ်ပြီး လူကုန်ကူးခဲ့တယ်လို့ သံသယရှိသူ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် (၄၂) နှစ်အရွယ် L နဲ့ အသက် (၃၆) နှစ်အရွယ် LKS တို့ဖြစ်ပြီး နှစ်ဦးစလုံး အိမ်ရှင်မတွေဖြစ်ကြပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားအမျိုးသမီးလေးဦးကို တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီထဲက အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံအထိ ပို့ဆောင်နိုင်ခဲ့ပေမဲ့ ကျန်နှစ်ဦးကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက တားဆီးနိုင်ခဲ့ပါတယ်။ ဒီအမှုကို အောက်တိုဘာ (၂၁) ရက်မှာ ဒေသခံတွေဆီက သတင်းရရှိပြီးနောက် စတင်စုံစမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတဲ့ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ (၂၂) ရက်မှာ ဆူပါဒီယို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ တရုတ်နိုင်ငံကို ထွက်ခွာဖို့ပြင်ဆင်နေသူဖြစ်ပြီး လက်ထပ်မယ့်အစီအစဉ်အတွက် ရွှေလက်စွပ်၊ ရွှေလက်ကောက်နဲ့ အင်ဒိုနီးရှားရူပီး သန်း (၃၀) (အမေရိကန်ဒေါ်လာ ၁,၆၄၄ ခန့်) ရရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဘက်က တောင်းဆိုမှုကြောင့် သူ့ရဲ့အသက်ကို အထောက်အထား စာရွက် စာတမ်းတွေမှာ (၁၉) နှစ်အစား (၂၁) နှစ်အဖြစ် ပြောင်းလဲဖော်ပြထားတာကိုလည်း စုံစမ်းတွေ့ရှိခဲ့ပါတယ်။ သံသယရှိသူနှစ်ဦးဟာ အဲဒီလက်ထပ်ပေးရေးအစီအစဉ်တွေအတွက် တစ်ဦးကို ရူပီး (၁.၅) သန်းစီ ရရှိခဲ့တဲ့အပြင် တရုတ်နိုင်ငံကို သွားရောက်ဖို့ လေယာဉ်လက်မှတ်နဲ့ တည်းခိုစရိတ်တွေကိုလည်း အခမဲ့ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူထားပြီး အမြင့်ဆုံး ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးရဲ့ လက်ရှိ အခြေအနေကိုတော့ အာဏာပိုင်တွေက အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တက္ကသိုလ်ပညာရှင်တစ်ဦးကလည်း ဒီဖြစ်ရပ်ကို နိုင်ငံခြားသားနဲ့လက်ထပ်ဖို့ အမျိုးသမီးတွေက ကိုယ်တိုင်ရွေးချယ်ခဲ့တာလို့သာ မမြင်သင့်ကြောင်း ပြောပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးတွေဟာ အမြတ်ထုတ်ခံရဖို့ ပိုမိုလွယ်ကူလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုဆိုတာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတစ်ခုတည်း မဟုတ်ဘဲ စီးပွားရေးအခက်အခဲကို အခွင့်ကောင်းယူတာ၊ လှည့်ဖြားတာနဲ့ တစ်ဖက်လူရဲ့မှီခိုအားထားမှုကို အမြတ်ထုတ်တာတွေကလည်း လူကုန်ကူးမှုဖြစ်နိုင်တယ်လို့ သတိပေးထား ပါတယ်။