
သထုံမြို့နယ်တွင် သက်တမ်းလွန် အသင့်စား ကြက်အသည်းအမြစ်များ စားမိရာမှ သံဃာသုံးပါး၊ ကိုရင်လေးပါးနှင့် ကလေးငယ်တစ်ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၄ ရက်က သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ဝိဇယရာမဘုန်းကြီးကျောင်းတိုက်တွင် သီတင်းသုံး နေကြသည့် သံဃာတော်များဖြစ်ကြသော သက်တော် ၃၈ နှစ်ရှိ ဥူးစန္ဒ၊ သက်တော် ၃၇ နှစ်ရှိ ဥူးကုဝေဒ၊ သက်တော် ၂၆ နှစ်ရှိ ဥူးညေရဓမ္မနှင့် ကိုရင်များဖြစ်ကြသည့် သက်တော် ၁၄ နှစ်ရှိ ရှင်နန္ဒက၊ သက်တော် ၁၄ နှစ်ရှိ ရှင်စန္ဒာဝါရ၊ သက်တော် ၁၂ နှစ်ရှိ ရှင်ဝိလသက္က၊ သက်တော် ၁၀ နှစ်ရှိ ရှင်သောမတို့မှာ နေ့ဆွမ်းစား ချိန်တွင် ဘုန်းကြီးကျောင်းသို့ လာရောက်လှူဒါန်းထားသော သက်တမ်းလွန် အသင့်စား ကြက်အသည်းအမြစ် များ စားမိခဲ့ကြောင်းနှင့် ၎င်းတို့နှင့်အတူ အသက်ငါးနှစ်အရွယ်ရှိ မယွန်းယမုံဖူးတို့မှာ ယင်းနေ့ညနေပိုင်းတွင် အော့အန်သည့်ဝေဒနာများ ခံစားရသည့်အတွက် ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အစာအဆိပ်သင့်ဝေဒနာ ခံစားခဲ့ရတဲ့ သံဃာတော်တွေ၊ ကိုရင်လေးတွေနဲ့ ကလေးမတို့မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးမရှိဘူး။ တချို့လည်း ဝေဒနာသက်သာလို့ ဆေးရုံပြန်ဆင်းသွားကြပါပြီ” ဟု လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ အစာအဆိပ်သင့်မှုကြောင့် ဆေးကုသမှုခံယူနေကြသည့် သံဃာတော်များနှင့် ကိုရင်များအား သထုံခရိုင် ပြည်သူ့ဆေးရုံရှိ ဂိလာနသံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့ (သထုံမြို့) က လိုအပ်သည့် ဆေးဝါး၊ ဆွမ်း၊ ဓာတ်ခွဲစမ်းသပ်မှုများအချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ သထုံမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကလည်း ဆေးကုသမှု ခံယူနေကြသည့် သံဃာတော်များ နှင့် ကိုရင်များအား လှူဖွယ်ဝတ္ထုများ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Photo Credit - ဦးနန္ဒကျော်စွာ