NP News

မြစ်ကြီးနားတွင် နှစ်ထပ်လူနေအိမ်တစ်လုံး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

ထိုက်စံ (NP News) - နိုဝင်ဘာ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်ထပ်လူနေအိမ်တစ်လုံး ဝါယာရှော့ဖြစ်၍ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၈ ရက်)၊ နံနက်(၄)နာရီ(၅၀)မိနစ်ခန့်က မြစ်ကြီးနားမြို့၊နောင်နန်းကျေးရွာအုပ်စု၊ဆယ်မိုင်ကျေးရွာရှိ နေအိမ်တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အိမ်ရဲ့အပေါ်ထပ်က ဟောင်းနေတဲ့ဝါယာကြိုးကနေ အပူလွန်ကဲပြီး မီးလောင်တာ။ နေအိမ်တစ်ခုလုံးလောင်သွားတာပေါ့။ တခြားဘာတွေပါသွားလဲတော့ ကျွန်တော်တို့အတိအကျမသိသေးဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်မီးသတ်စခန်း မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နာရီဝက်ကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိသော်လည်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News