Eleven Media Group

■APEC အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

■ထရန့်၊ ရှီကျင်းပင်နှင့် ပူတင်တို့၏ သုံးပွင့်ဆိုင် တွေ့ဆုံမှု ယနေ့ပြုလုပ်မည်

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ဆက်လက်ကျင်းပလျက်ရှိသည်။

ယနေ့ပြုလုပ်လျက်ရှိသည့် APEC အစည်းအဝေး၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ် သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့၏ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ APEC အစည်းအဝေးကို တက်ရောက်ရန် ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာ ၁၈ ရက် ဒေသစံ တော်ချိန် နံနက်ပိုင်းတွင် ရောက်ရှိပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် နှစ်နိုင်ငံတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ထို့အတူ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပြီး သမ္မတ ရှီက ရှန်ကျန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

ထရန့်၊ ရှီနှင့် ပူတင်တို့သည် နိုဝင်ဘာ ၁၈ ရက်ညက ပြုလုပ်သည့် APEC ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရုရှား-ယူကရိန်း စစ်ပွဲ၊ အမေရိကန်၊အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေတဲ့စစ်ပွဲနှင့် အမေရိကန်နှင့်တရုတ်ကြား ဆက်လက်ဖြစ်ပွားနေဆဲ ကုန်သွယ်ရေး တင်းမာမှုစသည့် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် စူပါ ပါဝါနိုင်ငံသုံးခုမှ ခေါင်းဆောင်သုံးဦး၏ ‌တွေ့ဆုံမှုသည် ယခုနှစ်အစည်းအဝေး၏ အဓိက စောင့်ကြည့်ရမည့် ကိစ္စဖြစ်သည်။

ထို့ကြောင့် ခေါင်းဆောင်သုံးဦးတွေ့ဆုံချိန်မှာ ဆွေးနွေးနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများရှိနေသည်။

၎င်းတို့ သုံးဦးတွေ့ဆုံချိန်တွင် အမေရိကန်နှင့် ရုရှားတို့၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက် အရေအတွက်ကို ကန့်သတ်ထိန်းချုပ်ထားသည့် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သစ် (New START) အရေးကိစ္စ၊ ရက်ပေါင်း ၁၀၀ ကျော်ကြာမြင့်လာသော အီရန်စစ်ပွဲနှင့် အမေရိကန်နှင့် တရုတ်ကုန်သွယ် ရေးအားပြိုင်မှုကိစ္စကို ဆွေးနွေးနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

အဆိုပါ APEC နှင့် ဆက်စပ်အစည်းအဝေးများအား သတင်းရယူရန် Eleven Media Group အား တရုတ်နိုင်ငံ၊ China Public Diplomacy Association (CPDA)က ဖိတ်ကြားထားပြီး Eleven Media Group ၏ အမှုဆောင် အယ်ဒီတာ ကိုတိုးဝေဖြိုးနှင့် မမြတ်သက်မှူးကိုတို့ တက်ရောက်သတင်းရယူလျက်ရှိသည်။

■ တိုးဝေဖြိုး၊ မြတ်သက်မှူးကို

မူရင်းသတင်း — Eleven Media Group