
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ နျူကလီးယား လက်နက်၊ ကုန်သွယ်ရေးနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အရေးကြီးကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ နိုဝင်ဘာ ၁၉ ရက် ဒီနေ့ သုံးနိုင်ငံထိပ်သီးအစည်းအဝေး ပြုလုပ်ဖို့ ရှိပါတယ်။
ဆွေးနွေးမယ့် အကြောင်းအရာတွေကို တိတိကျကျ မသိရသေးပေမယ့် ယူကရိန်းစစ်ပွဲနဲ့ အီရန်မှာ အမေရိကန် စစ်ဆင်ရေး၊ ကုန်သွယ်ရေး၊ AI နည်းပညာနဲ့ နျူကလီးယားလက်နက်အရေးတွေ ပါဝင်နိုင်ပါတယ်။
ရှီကျင့်ဖျင်က APEC မိန့်ခွန်းမှာ ကုန်သွယ်မှုကာကွယ်ရေးဝါဒကို ဝေဖန်ခဲ့ပြီး ပူတင်ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဝေဖန်ခဲ့ပါတယ်။ ထရမ့်နဲ့ ရှီတို့နဲ့အတူ ပူတင်ပါ တွေ့ဆုံမယ့်အတွက် ယူကရိန်းစစ်ပွဲနဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာနေပေမယ့် ရုရှားခေါင်းဆောင်ဟာ အရေးပါတဲ့ နိုင်ငံတကာ သံတမန်ရေးဆိုင်ရာ ဆွေးနွေးပွဲရဲ့ အဓိကနေရာကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့အင်အားအကြီးဆုံး ခေါင်းဆောင် ၃ ဦး တွေ့ဆုံမှုကို ၁၉၄၅ ခုနှစ်က အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့၊ ဆိုဗီယက်ခေါင်းဆောင် ယိုဆက်ဖ် စတာလင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီတို့ တက်ရောက်ခဲ့တဲ့ ယာလ်တာ အစည်းအဝေးနဲ့ အထူးသဖြင့် ရုရှားမှာ နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က ခရိုင်းမီးယားဒေသ ယာလ်တာမှာ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးက ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံရေးအစီအစဉ်အတွက် အင်အားကြီးနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်တွေကို သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေအပေါ် သဘောတူညီချက်တွေ ချမှတ်တာကို “ယာလ်တာ” ဆိုတဲ့ စကားလုံးနဲ့ ရည်ညွှန်းပြောဆို လာကြပါတယ်။
ရုရှားအမျိုးသားရေးဝါဒီတွေကတော့ ယာလ်တာအစည်းအဝေးပုံစံ အသစ်တစ်ခု ပေါ်ပေါက်လာ နိုင်တာကို စိတ်လှုပ်ရှားနေကြပြီး မော်စကိုဘက်ကို အကျိုးရှိစေမယ့် နည်းလမ်းနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘော တူညီချက် ရနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ခေါင်းဆောင် ၃ ဦး တွေ့ဆုံတာဟာ ရုရှားကို တရုတ်နဲ့ အမေရိကန် တို့နဲ့ တန်းတူ စူပါပါဝါအဖြစ် မြှင့်တင်ပေးတယ်လို့လည်း ဆိုကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပူတင်က ထရမ့်နဲ့ ရှီတို့နဲ့ သုံးနိုင်ငံထိပ်သီးအစည်းအဝေး ပြုလုပ်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ အဆိုပြုခဲ့တယ်လို့ Wall Street Journal က ဖော်ပြခဲ့ ပါတယ်။ ဒါပေမယ့် ကရင်မလင်က ယာလ်တာအစည်းအဝေးနဲ့ နှိုင်းယှဉ်တာကို “နိုင်ငံရေးသိပ္ပံ ပညာရှင်တွေရဲ့ ကစားပွဲ” လို့ ပယ်ချခဲ့ပြီး ဒီတွေ့ဆုံမှုက ကမ္ဘာ့ရေးရာတွေအပေါ် အကျိုးသက်ရောက် မှုကြီးမားမယ်လို့ ပြောပါတယ်။ ဘေဂျင်းကလည်း သုံးနိုင်ငံဆွေးနွေးမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ပေးနိုင်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ကိယက်ဗ်ကနေ တိုကျိုအထိ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အစိုးရအဖွဲ့တွေရဲ့ တုံ့ပြန်မှုကို သိရှိထားသူတွေက ပြောပါတယ်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြီးခဲ့တဲ့လမှာ “သြဇာ လွှမ်းမိုးမှုတွေ ပြန်လည်ခွဲဝေသတ်မှတ်တဲ့ ယာလ်တာ ၂၊ ၃၊ ၄ ပုံစံမျိုး မဖြစ်စေချင်ဘူး” လို့ ပြောထားပါတယ်။
ထရမ့် တရုတ်နိုင်ငံကို ဗုဒ္ဓဟူးနေ့ ရောက်ရှိချိန်မှာ ရှီက လေဆိပ်ကို ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ ပါတယ်။ သမ္မတဖြစ်လာပြီးနောက် ရှီအနေနဲ့ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခေါင်းဆောင် တစ်ဦးကို လေဆိပ်မှာ ကိုယ်တိုင်ကြိုဆိုတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါဟာ စက်တင်ဘာလမှာ Joint Base Andrews မှာ ရှီက နောက်ဆုံးတွေ့ဆုံစဉ် ထရမ့်က ကြိုဆိုခဲ့မှုကို အပြန်အလှန်ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှီက “တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုကို အလေးထားတဲ့ နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုကို အပြန်အလှန်ပြုမူတဲ့ အစဉ်အလာရှိတယ်” လို့ တရုတ်အစိုးရသတင်းဌာန Xinhua က ဖော်ပြပါတယ်။
ရှီနဲ့ ပူတင်တို့နဲ့ ပြုလုပ်မယ့် သုံးနိုင်ငံထိပ်သီးအစည်းအဝေးဟာ ကြာသပတေးနေ့အတွက် ထရမ့်ရဲ့ နောက်ဆုံးအစီအစဉ် ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် မနက် ၉ နာရီခွဲမှာ ရှန်ကျန်းမြို့၌ APEC ခေါင်းဆောင်တွေ ရဲ့ အမှတ်တရဓာတ်ပုံ ရိုက်ကူးမှုကို တက်ရောက်မှာ ဖြစ်ပါတယ်။
Ref – Reuters