Myanmar Transparency News

အယ်လ်နီညိုသဘာဝဖြစ်စဉ်များကြောင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်ပါက သုံးစွဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်သိုလှောင်ရုံများတွင် အရန်ဆန်များ သိုလှောင်ထားရှိ

၁၉.၁၁.၂၀၂၆
Written by Linn Eain

အယ်လ်နီညိုသဘာဝဖြစ်စဉ်များကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်အတွင်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်ပါက သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန်စုဆောင်းရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်သိုလှောင်ရုံများတွင် အရန်ဆန်များ သိုလှောင်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ သိုလှောင်မည့်အရန်ဆန်များ သတ်မှတ်သိုလှောင်ရုံများသို့ရောက်ရှိမှု၊ လက်ခံသိုလှောင်ထားရှိမှုအခြေအနေကို  ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်သည် နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာသိုလှောင်ရုံများသို့ အရန်ဆန်များအပြည့်အဝရောက်ရှိစေရေး၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိစေ‌ရေး၊ လေလွင့်ပျက်စီးမှုများမဖြစ်စေရေးတို့နှင့်ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News