
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်
လွန်ခဲ့တဲ့နှစ်များဆီက မြန်မာ့ရုပ်မြင်သံကြားကနေ ဇာတ်လမ်းတွဲတစ်ခု လွှင့်ခဲ့ဖူးတယ်။ မြန်မာပရိသတ်တွေကြား ကြည့်ရှုသူများခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲပါ။ အိုးရှင်းဇာတ်လမ်းဆိုပြီး လူသိများပါတယ်။ ပရိသတ်တွေက အိုးရှင်းလေး ကြည့်မယ်ကြံလိုက် ဖူဂျီကာလာဖလင်ကြော်ငြာက ဝင်လိုက်နဲ့ဆိုတော့ ပရိသတ်တွေက အိုးရှင်းဇာတ်လမ်းတွဲ ကြည့်နေတာလား၊ ဖူဂျီကာလာဖလင် ကြော်ငြာကြည့်နေတာလား ဆိုတာ မသဲကွဲတော့တဲ့ အနေအထား။ ကြော်ငြာတွေ ကောင်းနေရင် ဇာတ်လမ်းက ဝင်ဝင်ရှုပ်တယ်လို့ ဆိုစမှတ်ပြုကြရတဲ့အထိ။
အိုးရှင်းဇာတ်လမ်းတွဲနဲ့ ဖူဂျီကာလာဖလင်တို့ရဲ့ ပွတ်တိုက်မှုကို လူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးမိုးဒီ၊ ဦးစိန်ရိုးနဲ့ ဦးမော့စ် တို့ကတောင် အငြိမ့်ခွင်တစ်ခုမှာ ပျက်လုံးထုတ်ခဲ့ကြဖူးပါတယ်။
အခုလည်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်နေတဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးက ဘီယာခွက်တွေကြားထဲ မီးပုံးပျံ ဝင်ရှုပ်နေသလားလို့ ထင်မှတ်မှားနေရသလိုပါ။
မီးပုံးပျံလွှတ်တင်တဲ့ ကွင်းဘေးပတ်လည်မှာ အမှတ်တံဆိပ်မျိုးစုံ ဘီယာကြော်ငြာတွေ နေရာယူထားပါတယ်။ ကြော်ငြာတွေ တင်လားဆိုတော့ မဟုတ်သေးပါဘူး။ သက်ဆိုင်ရာ အမှတ်တံဆိပ်ရဲ့ ဘီယာဘားတွေကလည်း ထင်သာမြင်သာ နေရာယူကြပါတယ်။ ကွင်းရဲ့ အရှေ့ဖက်ခြမ်းနဲ့ မြောက်ဖက်တွေက လမ်းလျှောက်နေရင်း ဘီယာ မူးလို့ရတယ် ဆိုရပါလိမ့်မယ်။ ကွင်းအနောက်ဖက် ကျောက်တလုံးလမ်းမကြီးပေါ်မှာတော့ မူလလက်ဟောင်းရှိပြီး သားဆိုင်တွေက ရေမီးအစုံနဲ့ လေထီးခုန်လို့ ရနိုင်ပါတယ်။
လူပေါင်းသိန်းသောင်းချီလာတဲ့ ကွင်းပြောင်ပြောင်မှာ အထင်ကရ ဘီယာဘားကြီးတွေ ခမ်းခမ်းနားနား ဖွင့်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တော့ မဟုတ်ပါဘူး ။ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်တဲ့ အရက်ဘီယာရောင်းချခြင်း မပြုရဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို ခပ်တင်းတင်း ချိုးဖောက်နိုင်မှ ဖြစ်နိုင်တဲ့ အခြေအနေမျိုးပါ။ သတ်မှတ် စည်းကမ်းချက်ကို ပျက်ရယ်ပြုနိုင်ပြီး ဘီယာဘားကြီးတွေ မိုးထိညံနေတာ အံ့ဩစရာတစ်ပါးလို့ ဆိုရမလား။
ကွင်းတောင်ဖက်ခြမ်းဆီမှာတော့ VIP သာမက V ဆယ်လုံးလောက်ရှိတဲ့ IP များက သွားကြားထိုးတံ ဝင်မရ လောက်အောင် နေရာယူထားကြ ပြန်ပါတယ်။ လူအတွက်တစ်မျိုး၊ ကားအတွက်တစ်ဖုံ မြေကွက်ရိုက် နေရာယူထား ကြတယ်လို့ ဆိုရမှာပါ။ ဟိုအရင်က မီးပုံးပျံကွင်း ဧရိယာ သတ်မှတ်ခဲ့ဖူးတဲ့ မြေနေရာ အဝန်းအဝိုင်းထဲမှာလည်း စီးပွားရေးဆိုင်ရာ ထပ်တိုးအဆောက်အဦ များကလည်း နေရာယူထားလိုက်ကြပြန်ပါသေးတယ်။ ဒီလို V ဆယ်လုံး IP နဲ့ ဘားပေါင်းများစွာ နေရာယူလိုက်ခြင်းရဲ့ ရလဒ်ကတော့ မလိုအပ်ဘဲ လူတိုး၊ လမ်းကျပ်သွားခြင်းပါပဲ။
အဲဒီဘားဆိုင်တွေကလည်း တရားဝင် လိုင်စင်ရှိလား၊ ယစ်မျိုးလိုင်စင်ရှိသလားဆိုတာ ကလည်း ထည့်သွင်းစဉ်းစား ရမယ့် အချက်ပါ။ တကယ်လို့များ လိုင်စင်မရှိရင် ပွဲတော်စည်းကမ်းကိုသာမက ဥပဒေကိုပါ ချိုးဖောက်နေတာဖြစ်လို့ ခွင့်ပြုတဲ့သူကိုပါ အရေးယူသင့်တဲ့ အခြေအနေပါ။ သိသလောက်ဆိုရင် တောင်ကြီးမြို့ပေါ်မှာ တရားဝင် ယစ်မျိုး လိုင်စင်ရှိတဲ့ အရက်ဆိုင်၊ ဘီယာဆိုင်တွေက လက်ချိုးရေလို့ရပါတယ်။
မီးပုံးပျံပွဲတော်ကြီး စည်ကားခမ်းနားတဲ့ ညတွေဆိုရင် ပရိသတ်ပေါင်း သိန်းနဲ့ချီပြီး အဝေရာကွင်းဆီကို ရောက်လာကြ ပါတယ်။ ရောက်လာတဲ့ ပရိသတ်တိုင်း ကြုံရတဲ့ဒုက္ခက အသက်ထွက်မတတ် လူတိုးဝှေ့ခြင်းဒဏ်ကို ခံကြရတာပါ။ တစ်ဦးနဲ့ တစ်ယောက် သည်းခံစိတ်ထားကြရင် အေးချမ်းနိုင်ပေမဲ့ ပါးရိုက်လို့ နားပြန်ကိုက်တယ်ဆိုတဲ့ ဖြစ်ရပ်တွေ လည်း နေ့စဉ်လို ကြားသိနေရပါတယ်။
နို၀င်ဘာလ ၁၆ ရက်၊ ပွဲတော်ဖွင့်ပွဲနေ့က ဧည့်ပရိသတ်ပေါင်း သုံးသိန်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ များပြား တဲ့ ဧည့်ပရိသတ်တွေနဲ့အတူ လူတိုးဝှေ့ခြင်းကြောင့် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေလည်း ပေါ်ပေါက်ခဲ့ရပါတယ်။ စားသောက်ဆိုင်တချို့ဆီက ဧည့်ပရိသတ်ကို အချဉ်ရေနဲ့ လှမ်းပက်တာမျိုး၊ ဘီယာဘားတချို့ဆီကနေ ဘီယာနဲ့ ပက်တာမျိုးတွေ ရှိတယ်လို့ ကြားသိရပါတယ်။
တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးက မြန်မာနိုင်ငံတစ်ဝန်းလုံးက စိတ်၀င်စားမှု များပြားတဲ့အပြင် ကမ္ဘာ့သတင်းရပ်ဝန်းများမှာလည်း ထင်ရှားကျော်ကြားလှပါတယ်။ မီးပုံးပျံလို့ ဆိုလိုက်တာနဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ဆိုပြီး အထိမ်းအမှတ်သင်္ကေတ ပြုထားကြရတဲ့အထိပါ။ ပွဲတော်ရဲ့ ပုံရိပ်က ကြီးမားတဲ့အတွက် မလိုလားအပ်တဲ့ အခက်အခဲတွေနဲ့ ပွဲတော်ရဲ့ဂုဏ်သိက္ခာ မထိခိုက်အောင် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအနေနဲ့ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်နေပါတယ်။
ပွဲတော်ရဲ့ လက်ကျန်နောက်ဆုံး သုံးရက်လောက်က နယ်ခံပရိသတ်နဲ့ ဧည့်သည်ပရိသတ်တွေ စည်ကားခမ်းနားဦးမယ့် ညတွေဖြစ်ပါတယ်။ သိန်းနဲ့ချီတဲ့ ဧည့်ပရိသတ်တွေ အဝေရာကွင်းပြင် မကျယ့်တကျယ်ဆီကို ရောက်လာကြဦးမှာ ဖြစ်ပါတယ်။ အဖိတ်နဲ့ လပြည့်ညတွေကတော့ ခရီးတစ်ထောက် ရောက်ဖို့ တိုးမပေါက်တဲ့ အနေအထားမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဒီလိုပွဲတော်ညတွေမှာ မလိုလားအပ်တဲ့ ပြဿနာရပ်တွေကို မဖန်တီးကြဖို့ အရေးကြီးလှပါတယ်။
ပြည်သူလူထုကြား ဝေဖန်မှုမြင့်တက်နေတာကတော့ ဧည့်ပရိသတ်တွေအတွက် နေရာကျဉ်းမြောင်းသွားစေတဲ့ ဘီယာ အမှတ်တံဆိပ်မျိုးစုံ ဘားတွေလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့တော့ ဒီအမှတ်တံဆိပ်တွေက ပြောင်ပြောင်တင်းတင်း မျက်နှာလာပြောင်နိုင်စရာ အကြောင်းမရှိပါဘူး။ အကြောင်းရှိလို့ အကျိုးပေါ်လာရခြင်းသာ ဖြစ်ပါတယ်။ သို့သော် ရောင်းချခြင်းမပြုရဆို့တဲ့ သတ်မှတ်ချက်ကို မျက်ကွယ်ပြုပြီး ရောင်းချခြင်းပြုနေနိုင်တာကလည်း သူတို့အတွက် မင်္ဂလာတစ်ပါးလို့ ဆိုရမလား။
အဖိတ်နေ့ဆိုရင် တောင်ကြီးမြို့ရဲ့ရိုးရာ မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပွဲကြီး ပြုလုပ်မှာ ဖြစ်ပါတယ်။ ကထိန် လှည့်ပြီးတာနဲ့ အဝေရာကွင်းဆီကို အရောက်သွားကြမှာ ဖြစ်ပါတယ်။ အဲဒီညက လူပိုတိုးပြီး လူကျပ်ပါလိမ့်မယ်။ ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညကတော့ ဆိုဖွယ်ရာမရှိပါ။ ဆင့်ကာထပ်ကာ လူတိုး လူကျပ်ဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သတ်မှတ်ထားတဲ့ လက်ကျန် နေရာလေးမှာ အန္တရာယ်ကင်းစွာနဲ့ မီးပုံးပျံအလှကို ခံစားနိုင်ကြပါစေ။
ဒီနှစ်မှာ ဒီအားနည်းချက်တွေကို မပြင်ဆင်နိုင်ရင်တောင် နောင်လာမယ့်နှစ်တွေမှာ လက်ညှိုးထောင် ခေါင်းညိတ် ဌာနဆိုင်ရာအသံကိုသာမက ဒေသခံ ပြည်သူတွေရဲ့ အသံကိုပါ ထည့်သွင်း နားထောင်ပြီး ရိုးရာပွဲတော်ဖြစ်အောင် ပုံဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။