
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ဟံသာဝတီရုံးရှိ ဒေတာစင်တာ၊ အပြည်ပြည်ဆိုင်ရာ အမြန်စာပို့လုပ်ငန်းနှင့် ဝေဠုဝန်ဆက်သွယ်ရေးစခန်းတို့၌ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးစက်ခန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ယမန်နေ့က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် ဟံသာဝတီ ဒေတာစင်တာ၊ အပြည်ပြည်ဆိုင်ရာ အမြန်စာပို့လုပ်ငန်းနှင့် ဝေဠုဝန်ဆက်သွယ်ရေးစခန်းတို့၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဒေတာစင်တာလည်ပတ်ဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးက ရန်ကုန်မြို့တွင်း ရှုပ်ထွေးနေသော ကေဘယ်လ်ကြိုးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအပြင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ ပူးပေါင်းပါဝင်၍ မြို့နယ်အလိုက် ရှင်းလင်းဆောင်ရွက်သွားကြရန် ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဆက်သွယ်ရေးဆက်ကြောင်းများ အစဉ်ကောင်းမွန်စေရေး၊ လိုအပ်သည့် အရန်ဆက်ကြောင်းများကို ဆောင်ရွက်ထားရှိရန်နှင့် ချို့ယွင်းမှုဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
#Myanmar #News