Myanmar Transparency News

တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး မြို့ကြီးများတွင် ဆီဖြည့်တင်းထားသည့်အပြင် အရန်ဆီများပါ ကြိုတင်စီမံထား

MT News

၂၀. ၁၁. ၂၀၂၆

တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာမှုများပြားနိုင်သည့် ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပုသိမ်-ချောင်းသာ-ငွေဆောင်လမ်း၊ သာစည်-ကလော – အင်းလေး – တောင်ကြီးလမ်း၊ မန္တလေး-မိတ္ထီလာ-ကျောက်ပန်းတောင်း-ပုပ္ပါး-ပုဂံလမ်း၊ မန္တလေး-ပြင်ဦးလွင်လမ်းနှင့် ရန်ကုန် – ပဲခူး – မော်လမြိုင် လမ်းကြောင်းများပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို အမြန်ဖြည့်တင်းရောင်းချပေးနိုင်ရန် စက်သုံးဆီတင်ယာဉ်များဖြင့် တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပုံမှန်ဖြည့်တင်းထားရှိပြီးဖြစ်သည့်အပြင် အရန်ဆီများ ကြိုတင်ထားရှိစီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် စက်သုံးဆီများကို မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက်တွင် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းစက်သုံးဆီစျေးသည် ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းနေပြီး စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ယနေ့တွင် ရန်ကုန်မြို၌ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၈၁၅ ကျပ်၊  95 Ron တစ်လီတာလျှင် ကျပ် ၃,၈၈၀၊ ဒီဇယ်တစ်လီတာလျှင်  ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅,၀၄၀ ဖြစ်ကာ အဆိုပါဈေးနှုန်းများသည် လာမည့်နိုဝင်ဘာ ၂၆ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ လက်ရှိပေါက်စျေးကို ယခင်အပတ်စျေးနှုန်းများဖြင့် နှိင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၄၅၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄၃၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာလျှင် ၂၂၅ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာလျှင် ၂၇၅ ကျပ် ဈေးနှုန်းကျဆင်းခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News