


၂၁.၁၁.၂၀၂၆
Written by NYL
ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ပြည်သူ့ဆေးရုံပေါင်း ၁၁၈၀ ရှိပြီး နေ့စဉ် အတွင်းလူနာ ၃၀၀၀၀ ခန့်နှင့် ပြင်ပလူနာ ၄၅၀၀၀ ခန့်ရှိသဖြင့် လူနာအင်အားနှင့် ကျန်းမာရေးဝန်ထမ်းအနေအထား ပြည့်စုံလုံလောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် ဆရာဝန်၊ သူနာပြုများ လုပ်ငန်းခွင်စတင်ဝင်ရောက်သည့်အချိန်တွင် Public Relation Skill များထည့်သွင်းထားသည့် လုပ်ငန်းခွင်အကြိုသင်တန်းများ၊ လူနာနှင့်ဆက်ဆံရေး ကောင်းမွန်စွာပြောဆိုနိုင်ရန်အတွက် Public Relation သင်တန်းများကို သူနာပြုသင်တန်းကျောင်း၏ သင်ရိုးများတွင် ထည့်သွင်းသင်ကြားစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ” လက်ရှိအနေအထားအားဖြင့်လည်း ဒီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ပြည်သူ့ဆေးရုံပေါင်း ၁,၁၈၀ ရုံ ရှိပြီးတဲ့အခါကျတော့ နေ့စဉ် အတွင်းလူနာပေါင်း ၃၀,၀၀၀ ရှိပါတယ် ခင်ဗျာ။ ပြီးတဲ့အခါ ပြင်ပလူနာအနေနဲ့ လာပြတာလည်း နေ့စဉ် ၄၀,၀၀၀ ကနေပြီး ၄၅,၀၀၀ ကြား ကျွန်တော်တို့ ကြည့်ပေးနေရတာ ဖြစ်ပါတယ်။ အဲ့တော့ လူနာအင်အားနဲ့ ခုနကပြောတဲ့ ဆေးကုသမှုစောင့်ရှောက်မှုအနေနဲ့က ဒါလက်ရှိ ကျန်းမာရေးဝန်ထမ်းအနေအထားနဲ့က တော်တော်ကြီးကို ကျွန်တော်တို့အနေနဲ့ ခုနက ပြောတဲ့ ဘက်ပေါင်းစုံ ပြည့်စုံလုံလောက်အောင် တော်တော်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေရတဲ့ အနေအထား ရှိပါတယ် ” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းအင်အားလျော့ပါးမှုအနေဖြင့် အထူးသဖြင့် ကိုဗစ်ကာလတွင် နိုင်ငံရေးအပြောင်းအလဲနှင့် ဝန်ထမ်းသောင်းပေါင်းများစွာသည် DCS (သစ္စာမဲ့ဝန်ထမ်း) လုပ်သွားခဲ့ပြီး ပြန်လည်ခေါ်ယူသည့်အချိန်တွင်လည်း ထောင်ဂဏန်း အနည်းငယ်လောက်သာ ဝင်ရောက်ခဲ့သဖြင့် Human Resource နှင့်ပတ်သက်ပြီး ကွာဟမှုကြီးမားခဲ့ကြောင်း၊ ယင်းကြောင့် နှစ်စဉ် Human Resource Development Plan ပြန်လည်မွေးထုတ်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ဆရာဝန်တစ်ဦဖြစ်ရန် အနည်းဆုံး ၆ နှစ်၊ သူနာပြုတစ်ဦးဖြစ်ရန် အနည်းဆုံး ၃ နှစ်နှင့် အထူးကုဆရာဝန်တစ်ဦးဖြစ်ရန် နှစ်များစွာ အချိန်ပေးရကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။
“သို့သော်ငြားလည်း ဆရာဝန်ဖြစ်ဖို့ဆိုတာကိုမှ ကျွန်တော်တို့က အနည်းဆုံး ၆ နှစ်ကနေ ၇ နှစ် အချိန်ယူရပါတယ်။ သူနာပြုတစ်ယောက်ဖြစ်ဖို့ဆိုတာ အနည်းဆုံး Grade 12 အောင်ပြီးတောင်မှ ၃ နှစ် အချိန်ပေးရပါတယ်။ အထူးကုဆရာဝန်များ ဖြစ်ဖို့ဆိုတာတော့ ခုနက ဒုတိယဝန်ကြီး တင်ပြတဲ့အတိုင်းပဲ ကျွန်တော်တို့ အချိန်ပေါင်း အများကြီးကုန်ခံပြီးတော့ အတွေ့အကြုံပေါင်းအများကြီး ကျွန်တော်တို့ ထည့်သွင်းပြီးတော့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ ဒီ လက်ရှိအနေအထားမှာ ဒါ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ကျွန်တော်တို့ ဒီ ဆေးကုသရေးစောင့်ရှောက်မှုပိုင်းတွေကို နိုင်ငံတော်သမ္မတကြီးရဲ့ မူဝါဒများနဲ့အညီ ကျွန်တော်တို့က ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ် ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ထို့ပြင် ဆေးဝါးဖြည့်ဆည်းမှုအပိုင်းတွင် လူနာများအတွက် အဓိကလိုအပ်သောဆေးဝါးများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးနေပြီး နေ့စဉ်အခမဲ့ရရှိနိုင်သည့် ဆေးဝါးစာရင်းကိုလည်း ဆေးရုံများတွင် ကပ်ထားပေးကြောင်း၊ ထပ်မံလိုအပ်သည့် အားဆေးကဲ့သို့ ဆေးဝါးများကိုသာ ပြင်ပမှဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဆေးရုံသန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ဆေးရုံအုပ်ကြီးများဦးဆောင်သည့် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးကော်မတီများဖွဲ့စည်းကာ ဆေးရုံကြီးများမှ တိုက်နယ်ဆေးရုံများအထိ အဆင့်လိုက်ဆောင်ရွက်နေကြောင်း ဝန်ထမ်းများ၏ ဆက်ဆံရေးကောင်းမွန်စေရန် သူနာပြုသင်တန်းကျောင်း သင်ရိုးများနှင့် လုပ်ငန်းခွင်အကြိုသင်တန်းများတွင် လူထုဆက်ဆံရေးဘာသာရပ်ကို အလေးထားထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆက်ဆံရေးပိုင်းပေါ့။ ခုနက ပြောတဲ့ဟာ လူနာတွေကလည်း များတော့ များသောအားဖြင့်တော့ လူနာတစ်ယောက်က ရောက်လာရင် ကိုယ့်လူနာ ဂရုစိုက်စေချင်တာပေါ့။ သို့သော်ငြားလည်း ကျွန်တော်တို့မှာ ဘယ်လူနာက အသက်ကယ်ရမယ့် လူနာ၊ ဘယ်လူနာကတော့ ချက်ချင်း ဆေးသွင်းပေးရမယ့် လူနာ ဒီလိုမျိုး ကျွန်တော်တို့မှာ ကုသပေးရတဲ့အခါ တစ်ဖက်က ဟို လူနာရှင်ရဲ့ စိတ်ဆန္ဒ သဘောတရားအရ ကျွန်တော်တို့က အကုန်လုံး လိုက်ပါပြီးတော့ မဆောင်ရွက်နိုင်တာ ရှိတာပေါ့နော်။ အဲဒီအခါကျရင်လည်း ကျွန်တော်တို့က တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ ပေါ့နော် ဆက်ဆံရေး ကောင်းမွန်စွာနဲ့ ပြောနိုင်ဖို့အတွက် Public Relation သင်တန်းတွေပေါ့… ဒါတွေကို ကျွန်တော်တို့က အခု သူနာပြုသင်တန်းကျောင်းတွေရဲ့ သင်ရိုးမှာပါ ကျွန်တော်တို့က ထည့်သွင်းသင်ကြားပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ ဒီ လုပ်ငန်းခွင်ကို ဝင်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့က အဲဒါကို လုပ်ငန်းခွင်အကြို ပေါ့ ဟို သင်တန်းဆိုပြီး ကျွန်တော်တို့ အဲဒီမှာလည်း ဒီ Public Relation Skill တွေကို ထည့်သွင်းထားပြီးတော့ သင်ကြားပို့ချပေးလျက် ရှိပါတယ် ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်”၊ “လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားလုံး ရရှိရမည်”ဆိုသည့် နိုင်ငံတော်မူဝါဒများကို မိမိတို့အနေဖြင့် တတ်နိုင်သလောက် ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။