Yo Yar Lay

ကင်ဆာကျိတ်တွေကို အမြစ်ပြတ် ချေမှုန်းပေးမယ့် အသံလှိုင်းသုံး ကုထုံးသစ်

ဓားနဲ့ခွဲစရာမလို၊ ဆေးသောက်စရာမလို၊ ဓာတ်ရောင်ခြည် ပေးစရာမလိုဘဲ ကင်ဆာအကျိတ်တွေကို အမြစ်ပြတ် ချေမှုန်းပေးနိုင်တဲ့ ကုထုံးသစ်တစ်ရပ်ကို မစ်ရှီဂန်တက္ကသိုလ်မှ ဇီဝဆေးပညာ အင်ဂျင်နီယာ ပါမောက္ခ ကျန်းရှု (Zhen Xu) က တီထွင်နိုင်ခဲ့ပါတယ်။

ဆယ်စုနှစ်များအတွင်း ကင်ဆာကုသရေးနယ်ပယ်ရဲ့ အကြီးမားဆုံး အောင်မြင်မှုအဖြစ် ချီးကျူးခံနေရတဲ့ ဟစ်စတိုထရစ်ပ်စီ (Histotripsy) နည်းပညာဟာ အသံလှိုင်းတို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ချေဖျက်ပေးတဲ့ နည်းလမ်းပါပဲ။

တစ်စက္ကန့်ရဲ့ တစ်သန်းပုံတစ်ပုံလောက်သာ ကြာမြင့်တဲ့ အသံလှိုင်းတိုလေးတွေကို ကင်ဆာကျိတ်တွေထဲ ပစ်လွှတ်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပူဖောင်းလေးတွေ ဖြစ်ပေါ်လာစေပါတယ်။ တစ်စက္ကန့်မပြည့်ခင်မှာပဲ အဲဒီပူဖောင်းလေးတွေ ဖောင်းကား၊ ပေါက်ကွဲသွားလို့ အန္တရာယ်ရှိတဲ့ ကင်ဆာဆဲလ်တွေကို ဆုတ်ဖြဲဖျက်ဆီးလိုက်သလို ဖြစ်စေတာပါ။

အသည်းကင်ဆာအကျိတ်တွေအတွက် အမေရိကန် FDA ရဲ့ အတည်ပြုချက် ရရှိပြီးနောက် မစ်ရှီဂန်တက္ကသိုလ်ကနေ ခွဲထွက်တည်ထောင်ထားတဲ့ HistoSonics ကုမ္ပဏီဟာ လူနာထောင်ချီ ကုသပေးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ ဆီးကျိတ်ကင်ဆာတွေကိုပါ ကုသနိုင်ဖို့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။

အကျိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို အသံလှိုင်း ပစ်ခတ်လိုက်ရုံနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် နိုးကြားလာပြီး ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကိုပါ လိုက်လံရှာဖွေ ချေမှုန်းပစ်တာကတော့ ဒီကုထုံးသစ်ရဲ့ အံ့အားသင့်စရာ အချက်ပါပဲ။

ဒေါ်လာ ၁၀ သန်းတန် Histotripsy စင်တာအသစ်ကြီးရဲ့ ပံ့ပိုးမှုနဲ့အတူ သိပ္ပံပညာရှင်တွေဟာ ခွဲစိတ်စရာမလိုတဲ့ ဒီကုထုံးလက်နက်ကို ပန်ကရိယ၊ ရင်သား၊ ဦးနှောက်၊ အရေပြားနဲ့ အရိုးအကြော ကင်ဆာတွေမှာပါ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။

ကမ္ဘာတစ်ဝန်းက သုတေသီတွေကို ဒီစင်တာမှာ အခမဲ့ လာရောက်လေ့လာခွင့် ပေးထားပြီး လာမယ့်ငါးနှစ်အတွင်း ကုသမှုပုံစံကို ပြောင်းလဲနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်လျက် ရှိပါတယ်။

Ref: Invented by biomedical engineering professor Zhen Xu,Histotripsy is hailed as oncology’s biggest breakthrough in decades

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay