NP News

မြန်မာအရေးအတွက် ကုလသမဂ္ဂကို ရုရှားအစိုးရ ဝေဖန်ပြစ်တင်

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၁

ကုလသမဂ္ဂ တတိယကော်မတီ (Third Committee) အနေနဲ့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့လူ့အခွင့်အရေးအခြေအနေတွေအပေါ် ဆုံးဖြတ်ချက်မူကြမ်းတွေကို ထည့်သွင်းစဉ်းစားနေတဲ့အလေ့အထကို မထောက်ခံဘူးလို့ ရုရှားအစိုးရ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ (၈၁) ကြိမ်မြောက် အစည်းအဝေးရဲ့တတိယကော်မတီ (Third Committee) ဆုံးဖြတ်ချက်မူကြမ်းဖြစ်တဲ့ "မြန်မာနိုင်ငံရှိ ဘင်ဂါလီများနဲ့ အခြားလူနည်းစုများရဲ့လူ့အခွင့်အရေးအခြေအနေ" အပေါ် မဲခွဲဆုံးဖြတ်မှုမတိုင်မီ ရုရှားဖက်ဒရေးရှင်း ကိုယ်စားလှယ် ဗွီ.အီး မာဇာယေဗာက အခုလိုမျိုးပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားသံတမန်က ဒီလိုစာရွက်စာတမ်းမျိုးတွေဟာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်နဲ့ မကိုက်ညီသလို အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း မဖြစ်နိုင်အောင် ပြုလုပ်စေပြီး၊ အခြေအနေတွေ တည်ငြိမ်လာအောင် နည်းလမ်းရှာဖွေမှုကို ပိုမိုရှုပ်ထွေးသွားစေရုံသာ ဖြစ်နိုင်တယ်လို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အထူးဂရုစိုက်မှုနဲ့ ထည့်သွင်းစဉ်းစားချင့်ချိန်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ရုရှားသံတမန် မာဇာယေဗာက သုံးသပ်ပြောဆိုခဲ့ပါတယ်။
နိုင်ငံအတွင်း အခြေအနေတွေကို လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ပိုင်းကို ချီးကျူးကြောင်းl ပြည်တွင်းသင့်မြတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ ပိုမိုခိုင်မာအားကောင်းလာစေဖို့ မြန်မာအာဏာပိုင်တွေက ကြိုးကြိုးစားစား လုပ်ဆောင်နေတယ်လို့ ရုရှားသံတမန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို အကဲဖြတ်ရာမှာ ကုလသမဂ္ဂရဲ့ချဉ်းကပ်ပုံက တစ်ဖက်သတ်ဆန်နေတယ်ဆိုတာကို မဖြစ်မနေ အသိအမှတ်ပြုပြောရမယ်လို့ ရုရှား သံတမန်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် တာဝန်ရှိမှုအားလုံးကို မြန်မာအစိုးရတစ်ခုတည်းအပေါ် ပုံချဖို့ ကုလသမဂ္ဂကို အသုံးချနေတဲ့ ကြိုးပမ်းမှုတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆတယ်လို့ ကုကသမဂ္ဂ ဆိုင်ရာ ရုရှား သံတမန်က ဝေဖန်ခဲ့ပါတယ်။

တကယ့်လက်တွေ့မှာ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ "အနောက်အုပ်စု (collective West)" နိုင်ငံတွေက မြန်မာအစိုးရဆန့်ကျင်ရေးအုပ်စုတွေကို နိုင်ငံရေးအရရော အရင်းအမြစ်ပိုင်းအရပါ ထောက်ပံ့ပေးနေတာကြောင့်ပဲဖြစ်တယ်လို့ ရုရှားသံတမန်က ဝေဖန်ထောက်ပြခဲ့ပါတယ်။ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေဟာ ပြည်တွင်းနိုင်ငံရေးအခြေအနေ အပြီးသတ် ပုံမှန်ပြန်ဖြစ်လာရေးကို အကြီးအကျယ် အဟန့်အတားဖြစ်စေသလို မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံ (ASEAN) ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ ၄င်းက ဝေဖန်ခဲ့ပါတယ်။

မူရင်းသတင်း — NP News