Myanmar Transparency News

ICJ စီရင်ချက် လက်ခံနိုင်ခြင်းမရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု၏နယ်မြေ တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကျားဖြူပါတီကြေညာ

MT News
၂၃. ၁၁. ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အပေါ် ချမှတ်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြီးသတ်စီရင်ချက်နှင့်ပတ်သက်၍ မိမိတို့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) အနေဖြင့် လက်ခံသဘောတူခြင်းမရှိဘဲ ကန့်ကွက်ကြောင်း ထုတ်ဖော်ကြေညာသည်။

အဆိုပါ စီရင်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အတွက် သမိုင်းကြောင်း၊ ဖြစ်ရပ်မှန်များနှင့် သက်သေအထောက်အထားများကို ဘက်စုံထောင့်စုံမှ မျှတစွာ သုံးသပ်ဆုံးဖြတ်ရန် လိုအပ်သည်ဟု ယူဆသည်။ ယခုစီရင်ချက်နှင့်ပတ်သက်၍ တရားသူကြီးများအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ခြင်းသည် ဥပဒေကြောင်းအရ ဆက်လက်ဆန်းစစ်သုံးသပ်ရန် လိုအပ်သည့် အချက်များရှိနေကြောင်း ပေါ်လွင် ထင်ရှားနေသည်။ ထို့ကြောင့် သက်သေအထောက်အထားများ၊ သက်သေခံချက်များနှင့် နိုင်ငံတကာ ဥပဒေပါ အခြေခံမူများကို တိကျမျှတစွာ ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး တရားမျှတမှုနှင့် ဘက်မလိုက်မှု တို့ကို အခြေခံသည့် ဆောင်ရွက်ချက်များ ဖြစ်စေရန် တိုက်တွန်းသည်။

မိမိတို့ပါတီသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု၏နယ်မြေ တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည့်အပြင် တရားမျှတမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ကျားဖြူပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူရင်းသတင်း — Myanmar Transparency News