၂၅.၁၁.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လူလိုက်ပါသည့် အာကာသယာဉ် အေဂျင်စီ (CMSA) က အာကာသယာဉ်မှူးများလိုက်ပါသွားသော ရှန်ကျိုး-၂၄ (Shenzhou-24) အာကာသယာဉ်အား နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုကွမ် (Jiuquan) ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ နိုဝင်ဘာလ ၂၅ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ရှန်ကျိုး-၂၄ အာကာသယာဉ် လွှတ်တင်မှုသည် လုံးဝအောင်မြင်ခဲ့ကြောင်းနှင့် အာကာသယာဉ်သည် လွှတ်တင်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ဒုံးပျံမှခွဲထွက်ကာ သတ်မှတ်ထားသော ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း CMSA က ပြောကြားခဲ့သည်။

အာကာသယာဉ် လွှတ်တင်ပြီး မိနစ်ပိုင်းအကြာတွင် အာကာသယာဉ်မှူး သုံးဦးသည် လက်စွဲစာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရှုနေပုံကို နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ပြသခဲ့ပြီး အာကာသယာဉ်မှူးများမှာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။
CMSA ၏ အဆိုအရ Long March-2F ဒုံးပျံထိပ်တွင် တင်ဆောင်ထားသည့် အဆိုပါ အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၈:၁၈ နာရီတွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
အာကာသယာဉ်က တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် တန်ဟုန်ဘိုနှင့် ဝုရီတို့အပြင် ပါကစ္စတန်နိုင်ငံသား အာကာသယာဉ်မှူး မူဟာမက် ဇီရှန်း အလီတို့လိုက်ပါကာ ပတ်လမ်းအတွင်း လည်ပတ်နေသော တရုတ်နိုင်ငံ၏ တီယန်ဂွန် အာကာသစခန်းသို့ ခရီးနှင်လျက်ရှိကြောင်း သိရသည်။

အာကာသယာဉ်မှူး တန်ဟုန်ဘိုက အာကာသသို့ တတိယအကြိမ်မြောက် သွားရောက်ခြင်းဖြစ်သည်။ ၎င်းသည် တီယန်ဂွန် အာကာသစခန်းသို့ သုံးကြိမ်တိုင်တိုင် ရောက်ရှိသည့် ပထမဆုံး အာကာသယာဉ်မှူး လည်းဖြစ်လာမည်ဟု CCTV က ဖော်ပြသည်။ ကျန်အာကာသယာဉ်မှူးနှစ်ဦးမှာ ၎င်းတို့၏ ပထမဆုံးအကြိမ် အာကာသခရီးစဉ်များ ဖြစ်ကြောင်း သိရသည်။
Ref: Xinhua
