Kanbawza Tai News

နိုင်ငံခြားသားအမည်ခံ စီးပွားရေးလုပ်ငန်းတွေကို အရေးယူမယ်လို့ အနုတင် ကတိပြု

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေရဲ့ အမည်ကိုခံယူပြီး တရားမဝင် စီးပွားရေးလုပ်ကိုင်နေတဲ့ အမည်ခံလုပ်ငန်းကွန်ရက်တွေကို အရှိန်မြှင့်နှိမ်နင်းသွား မယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

လိမ်လည်မှုနဲ့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ကြောင်း တွေ့ရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာ၊ ရာဇဝတ်မှုနဲ့ တရားစွဲဆိုတာ၊ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတာနဲ့ ဥပဒေအရ ခွင့်ပြုထားရင် ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိ ထားသူတွေကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းတာတွေအထိ အရေးယူမယ်လို့ ဆိုပါတယ်။

အနုတင်ဟာ အဲဒီနေ့မှာ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ပြောကြားခဲ့တာ ဖြစ်ပြီး အမည်ခံ လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မြေယာနဲ့ပတ်သက်တဲ့ ပြစ်မှုတွေ တွေ့ရှိရင် မြေယာဌာနကလည်း တရားစွဲဆိုမှုတွေမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းရေးကိစ္စကို ပြည်ထဲရေးဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ထည့်သွင်း စဉ်းစားနိုင်ဖို့ ဝန်ကြီးဌာန ဆိုင်ရာ စည်းမျဉ်းတွေ ပြင်ဆင်ထားပြီး ဥပဒေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်မယ်လို့လည်း အနုတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဦးစားပေးတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အွန်လိုင်း လိမ်လည်မှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ထည့်သွင်းထားပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဆေးပြားတစ်ပြားတည်း လက်ဝယ်တွေ့ရှိရင်တောင် ကိုယ်တိုင်သုံးစွဲဖို့ မဟုတ်ဘဲ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ယူဆနိုင်ရေး ဥပဒေပြင်ဆင်ချက်ကို ဆက်လက်တွန်း အားပေးနေတယ်လို့ အနုတင် က ပြောပါတယ်။ အဲဒီပြင်ဆင်ချက်ကို အောက်တိုဘာလမှာ လွှတ်တော်ကို တင်သွင်းထားတာဖြစ်ပါတယ်။

Ref – The Nation

မူရင်းသတင်း — Kanbawza Tai News