Myanmar National Post

အမှတ်(၇၂)အစုန် ပြည်-ရန်ကုန် လူစီးအမြန်ရထားဖြင့် ကြိတ်မိ၍ လူသေဆုံးမှုဖြစ်




နေပြည်တော်၊ နိုဝင်ဘာ ၂၆

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များ၊ လေအိတ်ရထားတွဲဆိုင်းများဖြင့် လူစီးအမြန်ရထားများ အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိရာ အမှတ်(၇၂)အစုန်(ပြည်-ရန်ကုန်) လူစီးအမြန်လေအိတ်ရထားသည် ယနေ့ နံနက် ၂ နာရီ ၁၆ မိနစ်တွင် ဥက္ကံဘူတာမှထွက်ခွာလာပြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံဘူတာနှင့်ဖလုံဘူတာကြား၊ မိုင်တိုင်အမှတ် ၅၆/၄နှင့်မိုင်တိုင်အမှတ် ၅၆/၃ကြားသို့ နံနက် ၂ နာရီ ၁၉ မိနစ်အချိန်ရောက်ရှိဖြတ်သန်းစဉ် ရထားသံလမ်းအလယ်တွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးအား ရထားဖြင့်ကြိတ်မိခဲ့ရာ ဝဲဘက်လက်တံတောင်ဆစ်အောက်မှပြတ်၊ ဦးခေါင်းယာဘက်ချိုစောင်းပေါက်ပြဲဒဏ်ရာတို့ဖြင့် ဖြစ်ပွားရာနေရာ၌ သေဆုံးသွားကြောင်းသိရသည်။ 

အဆိုပါ ရထားဖြင့် လိုက်ပါလာသည့်ရထားလိုက်လုံခြုံရေးရဲအုပ်ဦးစီးအဖွဲ့သည် နယ်မြေခံဥက္ကံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး စခန်းမှူးရဲအုပ်ဦးစီး(၇)ဦးတို့သည် နံနက် ၃ နာရီတွင် ရောက်ရှိစစ်ဆေးခဲ့ရာသေဆုံးသူမှာဦးရဲဇာနည်၊ အသက်(၄၀)နှစ်၊ (ဘ) ဦးခင်မောင်မြင့်၊ မှတ်ပုံတင်မရှိ၊ ပနီပင်ကျေးရွာ၊ ဥက္ကံမြို့နေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သေဆုံးသူအား ဥက္ကံမြို့ ငြိမ်းအေးချမ်းသာလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ်ဆေးရုံသို့   ပို့ဆောင်ခဲ့ပြီးဖြစ်စဉ်နှင့်ပတ်သက်၍ ဥက္ကံမြို့မရဲစခန်းတွင်သေမှုသေခင်းအမှတ်(၁၅/၂၀၂၆)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ဖြစ်စဉ်ကြောင့် အမှတ်(၇၂)အစုန်လူစီးအမြန်ရထားသည် ဖြစ်ပွားရာနေရာတွင် (၄၆)မိနစ် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။ 

ရထားလမ်းအနီးနေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ရထားလမ်းပေါ်နှင့်ရထားလမ်းအနီး စည်းကမ်းမဲ့ဖြတ်သန်းသွားလာမှုများကြောင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်စားပြီး ရထားလမ်းပေါ်တွင်အိပ်စက်ခြင်းများကြောင့်လည်းကောင်း မတော်တဆမှုများဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ လူသေဆုံး/ထိခိုက်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့နေရသဖြင့်မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့်ဒေသအာဏာပိုင်များပူးပေါင်း၍ ရထားလမ်းအနီးရှိ ကျေးရွာ၊ ရပ်ကွက်နှင့်မြို့နယ်များတွင် လူထုအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဘူတာများရှိ ကြော်ငြာသင်ပုန်းများတွင် အသိပေးထုတ်ပြန်ခြင်းများဆောင်ရွက်လျက်ရှိပြီး အဆိုပါ “ရထားအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ”အား ပြည်သူအားလုံးက အထူးအလေးထားလိုက်နာကြရန်လိုအပ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post