၂၆.၁၁.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်ရှိ တရားမဝင်ရွှေတွင်းတစ်ခုတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာပြီး နောက်ထပ် ၁၃ ဦးမှာ မြေအောက်၌ ပိတ်မိ ပျောက်ဆုံးနေဆဲဖြစ်ရာ ၎င်းတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည်စတင် ရှာဖွေသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
မိုင်းတွင်းလမ်းကြောင်းမှာ ကျဉ်းမြောင်းခြင်း၊ ချော်လဲလွယ်ခြင်းနှင့် မှောင်မိုက်နေခြင်းတို့ကြောင့် ဝင်ရောက်ရှာဖွေရေးလုပ်ငန်းများ ပိုမိုခက်ခဲနေကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

အဆိုပါဖြစ်ရပ်တွင် မြို့တော် ဂျကာတာ၏ တောင်ဘက်ရှိ ဘိုဂိုဒေသတွင် နိုဝင်ဘာ ၂၃ ရက်က အလုပ်သမား ၂၆ ဦး မိုင်းတွင်းထဲသို့ ဝင်ရောက်ခဲ့ကြပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းတွင်းလမ်းကြောင်းများ ရေလွှမ်းမိုးသွားခဲ့ကာ ၎င်းတို့မှာ မြေအောက် မီတာ ၁၀၀ အနက်တွင် ပိတ်မိနေခဲ့ခြင်းဟု သိရသည်။
အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့မှူး ဟန်ကီက သေဆုံးသူ ခြောက်ဦး၏ အလောင်းများကို မည်သူမည်ဝါဟု ခွဲခြားသိရှိပြီးဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရာသီဥတု အခြေအနေ ဆိုးရွားခြင်းမရှိပါက နိုဝင်ဘာ ၂၆ ရက်တွင် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ Basarnas ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးအဖွဲ့များသည် မိုင်းတွင်းလမ်းကြောင်း နှစ်ခုကို အဓိကထား ရှာဖွေနေပြီး ဝင်ရောက်နိုင်ရန်အတွက် ကြိုးများကို အသုံးပြုနေသော်လည်း မိုင်းတွင်းမှာ မီတာ ၁၀၀ အထိ နက်ရှိုင်းနေသဖြင့် ရှာဖွေရေး လုပ်ငန်းများမှာ အခက်အခဲရှိနေကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်ကတည်းက ရေလွှမ်းမိုးနေသော အဆိုပါမိုင်းတွင်းထဲတွင် အလုပ်သမားများ ပိတ်မိနေသည်ဟု ယူဆရကြောင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် သတ္တုသယံဇာတများ တည်ရှိရာ ဒေသအများစုမှာ ဝေးလံခေါင်သီပြီး တာဝန်ရှိသူများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းချုပ်ရန် ခက်ခဲသော နေရာများဖြစ်နေသဖြင့် အသေးစားနှင့် တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Detik ၏ ဖော်ပြချက်အရ ဇန်နဝါရီလကလည်း အဆိုပါဒေသရှိ တရားမဝင် ရွှေတွင်းတစ်ခုတွင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် အလုပ်သမားအများအပြား သေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့သည်။
အဆိုပါဒေသတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Antam က ဤဖြစ်ရပ်သည် ခွင့်ပြုချက်မရှိဘဲ တူးဖော်နေသည့် သတ္တုတွင်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
Ref: Reuters
