Myanmar Transparency News

တက္ကသိုလ်များ ဘွဲ့သင်တန်းကာလပြုပြင်ပြောင်းလဲရေးနှင့် ဒီဂရီပေးအပ်မှုများ ပြန်လည်သုံးသပ်ရန်၊ ဘွဲ့သင်တန်းကာလသတ်မှတ်ရာ၌ ဒေသတွင်းနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် ကျင့်သုံးနေသည့် စနစ်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

၂၆.၁၁.၂၀၂၆
Written by Linn Eain

အခြေခံပညာရေးတွင် KG+12 စနစ် ကျင့်သုံးလျက်ရှိရာ ယင်းစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်များ ဘွဲ့သင်တန်းကာလပြုပြင်ပြောင်းလဲရေးနှင့် ဒီဂရီပေးအပ်မှုများကို ပြန်လည်သုံးသပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာနတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် “အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၆)” တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘွဲ့သင်တန်းကာလသတ်မှတ်ရာ၌ ဒေသတွင်းနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် ကျင့်သုံးနေသည့်စနစ်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးက အဆိုပါဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ အဝေးသင်ပညာရေးစနစ်သည် အဆင့်မြင့်ပညာရေးတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်ပြီး အဝေးသင်စနစ်သင်ကြားရေးတွင် စာစဉ် (Assignment) နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့်အချိန်အတိုင်း ပုံမှန်တင်သွင်းမည်ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကို လူကိုယ်တိုင်အတန်းတက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

ဒီဂျစ်တယ်ပညာရေးသို့ ကူးပြောင်းရာတွင်လည်း အချက်အလက် (Data) မှန်ကန်ရေးနှင့် အခြေခံအဆောက်အအုံပြည့်စုံရေးသည် အဓိကအရေးကြီးကြောင်း၊ Online နှင့် Digital ပညာရေးစနစ် ခိုင်မာစေရန်အတွက် တက္ကသိုလ်များတွင် သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ် (Learning Management System-LMS) သည် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့ကို Center of Excellence အဖြစ် ထူထောင်ထားသည်ဖြစ်ရာ ပါမောက္ခချုပ်များအနေဖြင့် မိမိတို့တက္ကသိုလ်များတွင် သုတေသနနှင့် သင်ကြားရေးကဏ္ဍများ၌ ထူးချွန်သည့် ဆရာ၊ ဆရာမများကိုစုဆောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က ဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ “အဝေးသင်သင်တန်း သင်ကြား၊ သင်ယူမှုစနစ် ပြုပြင်ပြောင်းလဲခြင်း” ကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ “ဘွဲ့သင်တန်းအစီအစဉ်များ လက်ရှိပညာရေးစနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး” ကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက Parallel Sessions များခွဲ၍ အုပ်စုအလိုက်ဆွေးနွေးကြကာ ဆွေးနွေးမှုရလဒ်များကို တင်ပြခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News