
သုတ(မကွေး)- နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အသိပညာပေး လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)၊ နံနက်ပိုင်းက မကွေးတက္ကသိုလ်လူငယ်ရေးရာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ IT နည်းပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် Artificial Intelligence (AI) Digital Transformation ormation Big Data Cloud Computing Internet of Things (IoT) ကဲ့သို့ နည်းပညာများသည် နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအသီးသီးတွင် အရေးပါလာသည့်အတွက် IT နည်းပညာကို နားလည်အသုံးချနိုင်ခြင်းသည် လူငယ်များသာမက နိုင်ငံ့အနာဂတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ အခြေခံလိုအပ်ချက် ဖြစ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း နည်းပညာတိုးတက်မှုနှင့် အတူ Cyber Threats များ၊ Online Scams၊ Phishing၊ Malware နှင့် Ransomware တိုက်ခိုက်မှုများအပြင် သတင်းအမှားဖြန့်ဝေမှု အန္တရာယ် များလည်း ပေါ်ပေါက်လာရာ ဆိုက်ဘာလုံခြုံရေးသည် နည်းပညာရှင်များသာမက အင်တာနက် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိသည့်အတွက် လူငယ်များအနေဖြင့် ကြိုတင်ကာကွယ် နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ Password နှင့် ကိုယ်ရေးအချက် အလက်များကို လုံခြုံစွာထိန်းသိမ်းခြင်း၊ မသင်္ကာဖွယ် Link နှင့် Website များကို ရှောင်ကြဉ်ခြင်း၊ သတင်းအချက်အလက်များကို စိစစ်ပြီးမှ ယုံကြည်မျှဝေခြင်းနှင့် အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားကာ နည်းပညာကို ကျင့်ဝတ်သိက္ခာရှိရှိ၊ တာဝန်ယူမှုရှိရှိ အသုံးချကြစေလိုကြောင်း၊ နည်းပညာဖွံ့ဖြိုးမှု၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် ကောင်းမွန် စေရန် ဖြစ်သည့်အတွက် ယနေ့ခေတ်လူငယ်များသည် နည်းပညာကို အသုံးပြုသူ အဆင့်ဖြင့်သာ ရပ်တည်မနေဘဲ AI နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို ပညာရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု များတွင်အသုံးချကာ နိုင်ငံ့အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့် နည်းပညာဖန်တီးသူများ ဖြစ်လာစေ ရန် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် "IT နည်းပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဆိုင်ရာ အသိပညာပေးလူငယ် စကားဝိုင်း" အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူ (Moderator)နှင့် သက်ဆိုင်ရာ နည်းပညာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည့် လူငယ်ကိုယ်စားလှယ်များက IT နည်းပညာဆိုင်ရာ အခွင့်အလမ်းများ၊ ဆိုက်ဘာလုံခြုံရေးအသိပညာနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ကာကွယ် တားဆီးနိုင်မည့် နည်းလမ်းများကို ရှုထောင့်အသီးသီးမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များက သိရှိလို သည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ဆွေးနွေးပွဲပါဝင်သူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။