NP News

စီအိုင်အေနဲ့ အခြားအမေရိကန်ထောက်လှမ်းရေးအေဂျင်စီ(၂)ခု ဆိုက်ဘာတိုက်ခိုက်ခံရ

Pika(NP News)- နိုဝင်ဘာ ၂၆
အမေရိကန်နိုင်ငံရဲ့ စီအိုင်အေအဖွဲ့နဲ့ အခြားထောက်လှမ်းရေးအေဂျင်စီနှစ်ခုတို့ဟာ မကြာသေးခင်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာချိုးဖောက်မှုတစ်ခုကိုကြုံခဲ့ရပြီး ၎င်းတို့ရဲ့လျှို့ဝှက်အဆင့်သတ်မှတ်ချက်မရှိတဲ့ ဒေတာအချက်အလက်တစ်ချို့ ပေါက်ကြားသွားခဲ့တယ်လို့ New York Timesသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ဖက်ဒရယ်အေဂျင်စီများစွာမှာ ဆိုက်ဘာလုံခြုံရေးချိုးဖောက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နည်းပညာပိုင်းမှာကြီးမားတဲ့အနှောင့်အယှက်တွေဖြစ်ပေါ်ခဲ့ပြီးနောက် အခုလိုဖြစ်ရပ်တွေထပ်မံဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်တွေမှာ ဟက်ကာတွေက AIနည်းပညာတွေကိုအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။
ပြီးတော့ AI စနစ်တွေက ၎င်းတို့ရဲ့ထိန်းချုပ်မှုဘောင်ကိုကျော်လွန်ပြီး ကိုယ်တိုင်ဦးဆောင်မှုတွေလုပ်ပြီးတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။
နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုက စီအိုင်အေအဖွဲ့၊ အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံး (DNI)နဲ့ အမျိုးသား ပထဝီဝင်ဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ (NGA)တို့အပေါ် သက်ရောက်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့လည်း ဆိုက်ဘာတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအေဂျင်စီတွေက လူသိရှင်ကြားမှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လျှို့ဝှက်အဆင့်လို့သတ်မှတ်ထားတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာမျိုးမရှိဘဲ လျှို့ဝှက်အဆင့်လို့မသတ်မှတ်ထားတဲ့ အချက်အလက်တွေပဲ ပေါက်ကြားသွားခဲ့တာလို့ သတင်းရင်းမြစ်အချို့ကလည်း ပြောကြားထားပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီပြဿနာကိုဖြေရှင်းပြီးပြီဖြစ်ပြီး ထိုးဖောက်ဝင်ရောက်မှုတွေကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်လျက်ရှိပါတယ်။

မူရင်းသတင်း — NP News