Voice of Myanmar

နိုင်ငံခြားငွေစျေးကွက်ကိုထိန်းဖို့ ဗဟိုဘဏ်ကနိုင်ငံခြားငွေထုတ်ရောင်းပြီး တရားမဝင်ရောင်းဝယ်သူတွေကို ဖမ်းနေတဲ့ကြားက နိုင်ငံခြားငွေစျေးအတက်ကြမ်း

နိုဝင်ဘာ ၂၆ ၊ ၂၀၂၆

GG (VOM)

သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်အပါအဝင် နိုင်ငံခြားငွေ သန်းပေါင်း သောင်းနဲ့ချီထုတ်ရောင်းပေးနေပြီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူတွေကိုပါ ဖမ်းဆီးနေပေမယ့် နိုင်ငံခြားငွေစျေးက ပြင်ပစျေးကွက်မှာ ဆက်တိုက်မြင့်တက်လာနေပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အတွင်းမှာ ရန်ကုန်လေဆိပ် အပါအဝင် မရမ်းကုန်းမြို့နယ် ၊ကျောက်တံတား မြို့နယ် နဲ့ ပန်းဘဲတန်းမြို့နယ်က နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်သူ ငါးယောက်ကို ဖမ်းဆီးပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမေရိကန် ၂၄၀၀၀၀ ကျော် ၊ ထိုင်းဘတ် ၆၀၀၀၀၀ နီးပါး ၊ တရုတ်ယွမ်ငွေ ၃၉၀၀၀၀ ကျော် ၊ မလေးရှားရင်းဂစ် ၅၂၀၀ အပြင် မြန်မာကျပ်ငွေ သိန်း ၈၀၀ နီးပါးကိုပါ အတူသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ခုလို ဖမ်းဆီးမှုတွေကို အရင်ကလည်း ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် နိုင်ငံခြားငွေစျေးက စံချိန်တင်မြင့်တက်လာတာဟာ နိုင်ငံခြားငွေ လိုအပ်ချက်များ​နေလို့ ဖြစ်ကြောင်း ၊ အဲဒီအတွက် နိုင်ငံခြားငွေ လိုအပ်ချက်ပြည့်မီအောင် ပို့ကုန်တွေပိုပြီးပို့နိုင်အောင် လုပ်ပေးဖို့လိုတယ်လို့ စီးပွားရေး လုပ်ငန်းရှင်က အကြံပြုသုံးသပ်ပြောပါတယ်။

” အဓိကတော့ အိမ်ထောင်တစုမှာ ဝင်ငွေထွက်ငွေမမျှရင် ငွေလိုအပ်ချက်များလာသလိုပဲ ကျွန်တော်တို့က သွင်းကုန်တွေပဲများနေပြီး ပို့ကုန်က မရှိနေတော့ အဲဒီလိုထိန်းကျောင်းတာမှန်လားဆိုတာတော့ ကျွန်တော်မသိပေမယ့် လိုအပ်ချက်ကိုတော့ မပြည့်မီဘူးယူဆတယ်။ ခုနပြောသလို ဝင်ငွေထွက်ငွေ မမျှတဲ့ကိစ္စ သွင်းကုန်နဲ့ပို့ကုန်မမျှတဲ့ကိစ္စတွေကြောင့် အကျိုးသက်ရောက်မှုကြီးကြီးမားမားရှိတယ်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။

ဒါအပြင် သူထပ်ပြောတာက ” စျေးကွက်စီးပွားရေးစနစ်မှာ တချို့အရာတွေကိုထိန်းလို့မရဘူး။ထိန်းလိုက်တာနဲ့ဟန်ချက်ညီမှုပျက်သွားပြီး တဖက်ဖက်ကိုယိမ်းသွားတယ်။ကျတာရော တက်တာရော ဒီအချိန်မှာတော့​မကောင်းဘူး။စျေးကွက်ကို ထိန်းလို့မရတော့ဘူး။ထိန်းလိုက်တာနဲ့ တက်တာကျတာက ဖြစ်လာမှာပဲလို့ ယူဆတယ်။ ” လို့ သုံးသပ်ပြောပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေစျေးတက်တာကိုထိန်းဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေကို ဒီ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်ရဲ့ ဧပြီလကစပြီး အခုနိုဝင်ဘာလအတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၂၄၂၅ ကျော် ၊ ထိုင်းဘတ် ၇၃၄၁ သန်းကျော်၊ တရုတ်ယွမ် ၁၉၈၂ သန်းကျော် ၊ အိန္ဒိယရူပီး ၈၇ သန်းကျော် ထုတ်ရောင်းပေးခဲ့တယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ဗဟိုဘဏ် ထုတ်ပြန်မှုအရ သိရပါတယ်။

ဒါအပြင် ဧပြီလမှ အောက်တိုဘာလ အတွင်းမှာ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ အခြားကုန်စည်တွေ တင်သွင်းဖို့အတွက် အမေရိကန်ဒေါ်လာ ၁၇၀၂.၄ သန်း ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၃၀ သန်းခန့်ကို Market Trading Rate တဒေါ်လာ ၃၆၆၀ နဲ့ ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။

ခုလို နိုင်ငံခြားငွေတွေထုတ်ရောင်းချပေမယ့်လည်း နိုင်ငံခြားငွေကြေးအားလုံးစျေးတက်လာပြီး ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာ အမေရိကန်တဒေါ်လာကို ၅၄၀၀ ကျပ်ကျော် ၊ ယူရိုတဒေါ်လာကို ၅၉၆၅ ကျပ် ၊ တရုတ်ယွမ် တယွမ်ကို ၈၁၆ ကျပ်၊ မြန်မာငွေကျပ်တသိန်းကို ထိုင်းဘတ် ၅၉၉ ဘတ် ၊ စင်ကာပူတဒေါ်လာ ၄၁၈၀ ကျပ် ၊ မလေးရှားရင်းဂစ် ၁၃၂၀ ကျပ် ရှိပါတယ်။

အလားတူ ဂျပန်းယန်းတယန်း ၃၄. ၁၉ ကျပ် ၊ အိန္ဒိယရူပီး ၅၈ ကျပ် ၊ စတာလင်ပေါင်တပေါင် ၇၁၃၅ ကျပ် ၊ကနေဒါတဒေါ်လာ ၃၈၂၅ ၊ ဩစတြေးလျဒေါ်လာ ၃၆၁၀ ၊ ယူအေအီးက ၁၄၈၁ ကျပ်ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ အမေရိကန်တဒေါ်လာကို ၄၈၀၀ ကျပ် ၊ ယူရိုတဒေါ်လာကို ၅၃၂၀ ကျပ် ၊ တရုတ်ယွမ် တယွမ်ကို ၇၀၉ ကျပ်၊ ထိုင်းဘတ်တဘတ်ကို ၁၄၂ ကျပ် ၊ စင်ကာပူတဒေါ်လာ ၃၇၀၂ ကျပ် ၊ မလေးရှားရင်းဂစ် ၁၁၆၁ ကျပ် ၊ ဂျပန်းယန်းတယန်း ၃၀. ၀၄ ကျပ် ၊ အိန္ဒိယရူပီး ၅၀ ကျပ်အထက် ၊ စတာလင်ပေါင်တပေါင် ၆၃၀၀ ကျပ် ၊ကနေဒါတဒေါ်လာ ၃၄၅၈ ၊ ဩစတြေးလျဒေါ်လာ ၃၂၉၁ ၊ ယူအေအီးက ၁၂၉၁ ကျပ်ရှိပါတယ်။

ဒါကြောင့် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံခြားငွေကြေးတန်ဖိုးအားလုံး တက်လာပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာနေပါတယ်။

နိုင်ငံခြားငွေကို လိုင်စင်မရှိဘဲ ပြင်ပစျေးကွက် မှာ ရောင်းဝယ်နေသူတွေကို တရားမဝင် ရောင်းဝယ်နေသူတွေအဖြစ်သတ်မှတ်ပြီး တရားမဝင်ရောင်းဝယ်ကာ နိုင်ငံခြားငွေစျေးတက်အောင် စျေးကစားသူတွေအဖြစ် ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ

မူရင်းသတင်း — Voice of Myanmar