MyTech Myanmar

Elon Musk က အမေရိကန်ကလေးတိုင်းကို SpaceX ရှယ်ယာ ၂ ခုစီပေးမယ်လို့ ပြော

အမေရိကန်ကလေးတိုင်းရဲ့ Trump Accounts တွေထဲကို SpaceX ရှယ်ယာ ၂ စုစီ ပေးအပ်သွားမယ်လို့ အီလွန်မတ်စ်နဲ့ SpaceX တို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် ပေးခဲ့တဲ့ ကတိကဝတ်ကို နှစ်ဆတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ SpaceX က ကလေးတစ်ဦးချင်းစီအတွက် Class A သာမန်ရှယ်ယာအသစ် ၁ စုစီ ထည့်ဝင်ပေးမှာဖြစ်ပြီး အီလွန်မတ်စ်ကလည်း SpaceX လှူဒါန်းတဲ့ အရေအတွက်အတိုင်း ကိုယ်တိုင် ထပ်မံထည့်ဝင်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် SpaceX ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Gwynne Shotwell ကလည်း အမေရိကန်ကလေးတွေအတွက် SpaceX ရှယ်ယာ ၂ သန်းကျော် ထပ်မံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိ SpaceX ရှယ်ယာဈေးနှုန်းအရ အဲဒီလှူဒါန်းမှု စုစုပေါင်းဟာ ဒေါ်လာ ၁၈ ဘီလီယံခန့် တန်ဖိုးရှိပါတယ်။ SpaceX ဟာ အနာဂတ်အတွက် အခြေခံအဆောက်အအုံတွေကို တည်ဆောက်နေတာဖြစ်လို့ အဲဒီစနစ်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို နောက်မျိုးဆက် အမေရိကန်ကလေးတွေရဲ့ ရေရှည်အကျိုးစီးပွားအတွက် မျှဝေပေးသင့်တယ်လို့ ယုံကြည်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

အိမ်ဖြူတော်က ဖန်တီးထားတဲ့ အခွန်သက်သာခွင့်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအကောင့်ဖြစ်တဲ့ Trump Accounts ကို အသက် ၁၈ နှစ်အောက် တရားဝင် လူမှုဖူလုံရေးနံပါတ်ရှိတဲ့ အမေရိကန်ကလေး သန်း ၇၀ ခန့် ရရှိခွင့်ရှိပြီး အလိုအလျောက် စာရင်းသွင်းပေးထားပေမယ့် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေက အကောင့်အသက်ဝင်အောင် ကိုယ်တိုင်တောင်းခံရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ရဲ့ အဆိုအရ အင်္ဂါနေ့အထိ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက Trump Accounts တွေထဲကို ဒေါ်လာ ၁ ဘီလီယံကျော် ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။ Michael နဲ့ Susan Dell တို့လို ပရဟိတအလှူရှင်တွေရဲ့ ထည့်ဝင်မှုတွေပါ ပေါင်းလိုက်ရင် Trump Accounts တွေထဲမှာ စုစုပေါင်း အပ်နှံထားတဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၉ ဘီလီယံကျော် ရှိနေပြီ ဖြစ်ပါတယ်။

 

Ref : cbsnews

မူရင်းသတင်း — MyTech Myanmar