
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ Tesla ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အီလွန်မတ်စ်က သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လို ထင်ရတဲ့ ပြောကြားချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အနာဂတ်မှာ လူတစ်ယောက်ရဲ့ စိတ်ကို အကြမ်းဖျင်း ကူးယူပြီး Tesla ရဲ့ လူပုံစံစက်ရုပ်ဖြစ်တဲ့ Optimus ထဲကို ပြောင်းရွှေ့ထည့်သွင်းနိုင်ခြေ ရှိတယ်လို့ သူက ဆိုပါတယ်။ သူ့ရဲ့ ဦးနှောက်နဲ့ စက်ပစ္စည်း ချိတ်ဆက်မှု နည်းပညာကုမ္ပဏီဖြစ်တဲ့ Neuralink ဟာ တစ်နေ့မှာ လူတွေရဲ့ မှတ်ဉာဏ်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ တွေးခေါ်ပုံတွေကို မှတ်တမ်းတင်ကူးယူပြီး စက်ရုပ်ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးနိုင်မယ်လို့ မတ်စ်က မျှော်မှန်းထားပါတယ်။

ဒါပေမဲ့ အဲဒီလို ကူးယူထားတဲ့ ဒစ်ဂျစ်တယ်ပုံစံတူဟာ တကယ့်မူရင်းလူ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း မတ်စ်က ချက်ချင်း သတိပေးပြောကြားခဲ့ပါတယ်။ ကူးယူမှုဟာ ဘယ်တော့မှ ရာနှုန်းပြည့် တိကျမှာ မဟုတ်သလို လက်ရှိခံစားနေရတဲ့ အသိစိတ်မျိုး ပါဝင်လာမယ်လို့လည်း အာမမခံနိုင်ကြောင်း သူက ရှင်းပြပါတယ်။ ဒီလို အကန့်အသတ်တွေ ရှိနေပေမဲ့လည်း အဲဒီနည်းပညာမျိုးဟာ နောင်နှစ်ပေါင်း ၂၀ မပြည့်ခင်မှာပဲ လက်တွေ့ဖြစ်လာနိုင်တယ်လို့ မတ်စ်က ယုံကြည်နေပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီအဆင့်ကို ရောက်ဖို့ အတော်လေး လိုနေပါသေးတယ်။ Neuralink ဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတချို့ကို ဦးနှောက်လှုပ်ရှားမှုကနေတစ်ဆင့် ကွန်ပျူတာ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပေမဲ့ မှတ်ဉာဏ်တွေကို အပြည့်အစုံ ဒေါင်းလုဒ်လုပ်တာ၊ ကိုယ်ရည်ကိုယ်သွေး ကူးယူတာနဲ့ အသိစိတ် ပြောင်းရွှေ့တာမျိုးတွေကို မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ဒီအယူအဆဟာ လောလောဆယ်မှာ စိတ်ကူးယဉ်အဆင့်သာ ရှိနေသေးပေမဲ့ မတ်စ်အတွက်တော့ လူ့ခန္ဓာကိုယ် ပျောက်ကွယ်သွားတဲ့တိုင် ဒစ်ဂျစ်တယ်ပုံစံနဲ့ စက်ရုပ်ထဲမှာ ဆက်လက်ရှင်သန်နိုင်မယ့် အနာဂတ်တစ်ခု ဖြစ်နေပါတယ်။
Ref : Explore-The Best of Innovation