
စစ်တွေ ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်နေမှု၊ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၌ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန် ဖော်ဆောင်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်ဖော်ဆောင်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် ဒေသတွင်းဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နေကြာ သီးနှံများပါ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရရပ်ကွက်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်ပေါက် အမှတ် (၂) အား ကျောက်စီနံရံပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်သွားကြရန်၊ မြို့ပေါ်ရှိ ရေထွက်ပေါက်များအားလုံး ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ အမှိုက်ကင်းစင်စေရေးအတွက် သတ်မှတ်နေရာတွင် အမှိုက်စွန့်ပစ်စေရေး၊ သတ်မှတ်ချိန်အတွင်း အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများပုံမှန်ဆောင်ရွက်ရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထုအား စည်းရုံးဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပြင်းထန်အပူရှပ်ခြင်း (Heat Stroke) ခံစားရသော လူနာများအား ကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆေးရုံအတွင်း ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် 100 KVA ဆိုလာလျှပ်စစ်ဓာတ်အားဖြင့် ဓာတ်အားဖြန့်ဖြူးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးအတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးရုံအတွက် လိုအပ်သော စက်ပစ္စည်းကိရိယာများ အမြန်ဆုံးဖြည့်တင်းရောက်ရှိနိုင်ရေး၊ ဆေးဝါးများ လုံလောက်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost