Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

Photo: Sky Sports

နယူးကာဆယ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၇:၀၀ နာရီ)
နယူးကာဆယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းက ကစားသမားအင်အား သိပ်မကွာသလို၊ ခြေစွမ်းနဲ့ရပ်တည်မှုလည်း သိပ်မကွာဘူး။ နယူးကာဆယ်မှာ ဂေါ်ဒွန်၊ အီဆက်ခ်၊ ဘရူနိုဂီမာရေ့စ်တို့ အကောင်းဆုံးပုံစံမှာ ရှိနေကြသလို၊ ဝက်စ်ဟမ်းမှာလည်း ဘိုဝင်၊ ကူဒူးစ်၊ ပါကေတာတို့ အကောင်းဆုံး ပုံစံမှာ ရှိနေကြတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ နယူးကာဆယ်ဆီက ဝက်စ်ဟမ်းအမှတ်ယူဖို့ ခက်ပါတယ်။ နယူးကာဆယ်သရေနဲ့ အနိုင်ပဲ။


ဘုန်းမောက် - အဲဗာတန် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၃၀ နာရီ)
ဘုန်းမောက်က ရလဒ်ပိုင်းသိသိသာသာ ထိုးကျသွားပြီးမှ နောက်ပိုင်းပွဲတွေမှာ ပုံမှန်ခြေစွမ်းပြန်ရလာတယ်။ ဘန်လေကို အနိုင်ရတဲ့ပွဲက အကောင်းဆုံးပွဲဖြစ်ပြီး လူတန်နဲ့ပွဲ တုန်းကတော့ ခံစစ်ပိုင်းက စိတ်ပျက်စရာဖြစ်ခဲ့တယ်။ အဲဗာတန်အသင်းက (၆) မှတ်လျှော့ခံထားရတဲ့အပြင် နောက်ထပ် (၄) မှတ်ပါ ထပ်လျှော့ခံရရင် (၂၁) မှတ်အထိရောက်သွားမယ်။ ရသလောက်အမှတ်ယူဖို့ကြိုးစားရမှာဖြစ်ပြီး ဒီပွဲလည်း သရေတစ်မှတ်တော့ ယူနိုင်မှာပါ။


ချယ်လ်ဆီး - ဘန်လေ (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၃၀ နာရီ)
ချယ်လ်ဆီးက ခြေစွမ်းသိသိသာသာ တိုးတက်လာချိန်မှာ နိုင်ငံတကာ Break နဲ့ ကြုံခဲ့တယ်။ ဒါပေမဲ့ ယုံကြည်မှုအပြည့်နဲ့ ပြန်လာလိမ့်မယ်လို့ ယူဆရတယ်။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းက ဂိုးတွေဆက်တိုက်ရလာတာကိုလည်း တွေ့ရတယ်။ အဓိက ပြဿနာက ခံစစ်ဖြစ်ပြီး ဘန်လေတိုက်စစ်ကိုတော့ ဂိုးမပေးရလောက်ပါဘူး။ ချယ်လ်ဆီး ဂိုးပြတ်သွားနိုင်တယ်။


နော်တင်ဟမ်ဖောရက်စ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၃၀ နာရီ)
အမှတ်လျှော့ခံထားရတဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့က လူတန်တောင်းနဲ့ အမှတ်ချင်းလုံးနေတယ်။ ဒီ (၃) သင်းထဲက တစ်သင်းသင်း တန်းဆင်းရမယ့် အနေအထားလို့ ယေဘုယျ ပြောလို့ရပြီး ဒါတောင် ဘန်လေနဲ့ ရှက်ဖီးတို့ကို အပိုင်တန်းဆင်းတွက်ထားမှပါ။ အမှတ်အသည်းအသန်လိုနေတဲ့အချိန်မှာ ပဲလေ့စ်လို အမှတ်လိုအပ်ချက်နိမ့်တဲ့အသင်းဆီက အိမ်ကွင်း (၃) မှတ်တော့ နော်တင်ဟမ် ယူနိုင်လောက်တယ်။


ရှက်ဖီးယူနိုက်တက် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၃၀ နာရီ)
ရှက်ဖီးက အမှတ်ပေးဇယားအောက်ဆုံးမှာ အမှတ်ပြတ်နေပေမယ့် ပွဲကျန်တစ်ပွဲတော့ ရှိတယ်။ ပွဲကျန်ကလည်း သိပ်မျှော်လင့်လို့မရပါဘူး။ အသင်းရဲ့လက်ရှိခြေစွမ်းနဲ့က ပွဲကျန်လည်း ရှုံးဖို့များတာပဲ။ ဒါကြောင့် ဒီရာသီမှာ တန်းဆင်းနိုင်ခြေအမြင့်ဆုံးအနေအထား ဖြစ်နေတယ်။ ဖူလ်ဟမ်က ဥရောပဝင်ခွင့်အတွက်အပေါ်အသင်းတွေနဲ့ အမှတ်အရမ်းမဝေးသလို လက်ရှိခြေစွမ်းကလည်း တော်တော်ကောင်းတယ်။ ဖူလ်ဟမ်ပဲ နိုင်မယ်။


စပါး - လူတန် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၉:၃၀ နာရီ)
လူတန်တောင်းက ရလဒ်ပိုင်းနည်းနည်းလေး ပြန်ကျသွားတယ်။ နော်တင်ဟမ်ဖောရက်စ်၊ အဲဗာတန်တို့လိုအသင်းတွေ အမှတ်လျော့ပြစ်ဒဏ်ကျခံနေရတဲ့ ရာသီမှာ တန်းမဆင်းရအောင် မကစားနိုင်ရင်တော့ တော်တော်ညံ့လွန်းလို့ပဲ၊ အရေးကြီးတဲ့အချက်က စပါးကလည်း အမှတ်အသည်းအသန်လိုအပ်နေတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပွဲကတော့ စပါးရဲ့ပွဲပါ။ လူတန် နောက်ပွဲတွေမှာ အမှတ်ရအောင် ကြိုးစားဖို့ပဲ ရှိတယ်။


အက်စတွန်ဗီလာ - ဝုလ်ဗ် (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁၂:၀၀ နာရီ)
အက်စတွန်ဗီလာက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက် ရလဒ်ဆိုးခဲ့တယ်။ ရလဒ်တင်မဟုတ်ပဲ ခြေစွမ်းကပါ ပုံမှန် ခြေစွမ်းမဟုတ်တာမျိုး မြင်ရတယ်။ အဆင့် (၄) နေရာကိုမှန်း နေတဲ့အသင်းတစ်သင်းအနေနဲ့ ဗီလာ (၃) မှတ်တွေ ပြန်ရှာသင့်နေပြီ။ ဝုလ်ဗ်ကလည်း နောက် ပိုင်းပွဲတွေမှာ တော်တော်လေး ဖြိုလှဲဖို့ ခက်လာတာကို တွေ့ရတယ်။ ဒါကြောင့် ဗီလာ ရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့ အက်စတွန်ဗီလာပဲ အနိုင်ရမှာပါ။


ဘရန့်ဖို့ဒ် - မန်ယူ (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၂:၃၀ နာရီ)
မန်ယူနိုက်တက်ရဲ့ အဆင့် (၄) နေရာ အိပ်မက်က တစ်ဖြည်းဖြည်း ရုပ်လုံးပိုပေါ်လာတယ်။ မဖြစ်နိုင်ဘူး ထင်ရတဲ့ အနေအထားကနေ အဆင့် (၄) သို့မဟုတ် (၅) တစ်နေရာရာအတွက် ရလဒ်တွေ ပြန်တက်လာတာတွေ့ရတယ်။ အဓိက အားဖြင့်တော့ စပါးနဲ့ ဗီလာပါ ရလဒ်တွေ ကျဆင်းနေတာလည်း ပါတယ်။ ဒီတစ်ပတ်က စပါးရော ဗီလာပါ (၃) မှတ်ရနိုင်လို့ မန်ယူနိုက်တက်မှားလို့ မရပါဘူး။ အသည်းအသန်ကစားပြီး ကပ်နိုင်မယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group